LOADING

Type to search

ရိုးရာမပျက် ချိန်ခါရောက်ရှိလာပြန်တဲ့ တောင်ပြုန်းပွဲတော်

ရိုးရာမပျက် ချိန်ခါရောက်ရှိလာပြန်တဲ့ တောင်ပြုန်းပွဲတော်

Bagan Thar July 14, 2019
Share

တစ်နှစ်တစ်ခါ ရိုးရာအစဉ်အလာမပျက် တောင်ပြုန်းပွဲဆီအရောက်လာလေ့ရှိသူတွေအတွက် ဒီနှစ်တောင်ပြုန်းပွဲတော်အချိန်ဟာ တစ်ဖန်နီးလာပြန်ပါပြီ။ လာမယ့် သြဂုတ်လ ၈ ရက်ကနေ ၁၅ ရက်နေ့အထိ တောင်ပြုန်းပွဲတော်ကို ခြိမ့်ခြိမ့်သဲကျင်းပသွား နိုင်ဖို့ တာဝန်ရှိသူတွေဟာ ကြိုတင်ပြင်ဆင်နေကြပါတယ်။

မြန်မာနိုင်ငံရဲ့ အထင်ကရပွဲတော်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ တောင်ပြုန်းပွဲကို အနော်ရထာမင်းတည်ခဲ့တဲ့ ဆုတောင်း ပြည့်ဘုရားပွဲတော်နဲ့အတူ မတ္တရာမြို့နယ်၊ တောင်ပြုန်းကြီးကျေးရွာမှာ နှစ်စဉ်ကျင်းပပါတယ်။ မြန်မာနိုင်ငံအရပ်ရပ်က လာကြတဲ့ ရိုးရာမပျက် နတ်ကိုးကွယ်ယုံကြည်သူတွေနဲ့အတူ နတ်ဝင်သည်တွေ၊ နတ်ကတော်တွေ၊ မိန်းမလျာတွေ၊ အပျော်လာရောက် ကြသူတွေနဲ့ သိန်းချီနေတဲ့လူအုပ်ကြီးကြောင့် ပွဲတော်ဟာအုံးအုံးကြွက်ကြွက်စည်ကားနေတတ်ပြီး နိုင်ငံခြားသားတွေပါ လာရောက်လေ့လာတတ်တဲ့ပွဲတော်တစ်ခုပါ။

တောင်ပြုန်းမင်းနှစ်ပါးနန်းတော်ကို တွေ့ရစဉ်။  ဓာတ်ပုံ − ဖြိုးဝေကျော်/မြန်မာတိုင်း(မ်)

တောင်ပြုန်းပွဲဆီကို မန္တလေးကနေ ကား၊ ဆိုင်ကယ်နဲ့အလွယ်တကူသွားရောက်နိုင်ပါတယ်။ ပုံမှန်အတိုင်းမောင်းနှင်ရင် အချိန် ၄၅ မိနစ်လောက်သာ ကြာမြင့်တတ်ပေမဲ့ ပွဲတော်ရက်တွေမှာ ယာဉ်တွေကျပ်ပိတ်နေတတ်တာကြောင့် ရောက်မယ့်အချိန်ဟာ လမ်းကြောကျပ်မကျပ်အပေါ်မှာပဲ မူတည်သွားပါတော့တယ်။ သွားရင်လည်းအထူးသဖြင့် ယာဉ်မောင်းနှင်သူတွေဟာ လမ်းတစ်လျှောက်မှာ ပိုက်ဆံကြဲဖို့တောင်းဆိုနေကြသူတွေကို သတိထားမောင်းနှင်ဖို့ လိုအပ်ပါတယ်။ မနှစ်ကအတွေ့အကြုံအရ ပိုက်ဆံကြဲဖို့တောင်းသူတွေ၊ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး လမ်းဘေးဝဲယာတစ်လျှောက် အလှူခံနေသူတွေဟာ အရင်နှစ်တွေကထက် အဆမတန်များပြားလှတာကို တွေ့ရပါတယ်။ ဒါကြောင့် ယာဉ်အန္တရာယ်မဖြစ်အောင် အထူးသတိထား မောင်းနှင်ရပြီး သွားလာချိန် ပိုကြာမြင့်ခဲ့သလို စိတ်ရှည်ရှည်ထားရပါတယ်။

တောင်ပြုန်းပွဲတော် ကျင်းပရေးကော်မတီဥက္ကဌဦးကျော်ကျော်ကတော့ တောင်ပြုန်းပွဲမှာ အရင်နှစ်တွေနဲ့မခြား ပျော်ပွဲရွှင်ပွဲတွေ ထည့်သွင်းကျင်းပပေးနိုင်ဖို့ စတင်စီစဉ်နေကြောင်း ပြောပါတယ်။ မကြာခင်မှာ ဈေးဆိုင်ခန်းတွေ၊ ဇာတ်ပွဲတွေစတဲ့လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ လေလံစနစ်နဲ့ ခွင့်ပြုပေးသွားဖို့ရှိပြီး ဈေးသည်တွေ သက်သောင့်သက်သာ ဈေးထွက်နိုင်တဲ့နှုန်းထားတွေ သတ်မှတ်ပေးသွားမယ်လို့ ပြောပါတယ်။

ပွဲတော်လာသူတွေရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးအတွက်လည်း သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီး ဂရုစိုက်လုပ်ဆောင်ပေးမယ်လို့ ပြောပါတယ်။ညမထွက်ရအမိန့်တွေ ထုတ်ပြန်ခဲ့ရချိန်တွေနဲ့ တိုက်ဆိုင်ခဲ့ချိန်တွေမှာတောင် အစဉ်အလာမပျက် ကျင်းပဖြစ်ခဲ့တဲ့ပွဲတော်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်ကတော့ ရာသီတုပ်ကွေးရောဂါH1N1 ဖြစ်ပွားချိန်နဲ့ တိုက်ဆိုင်ခဲ့လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြီး ပိတ်ခဲ့ရဖူးပါတယ်။ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်အဆက်ဆက်တိုင်အောင် ကျင်းပလာခဲ့တဲ့ပွဲတော်ဟာ ရိုးရာအစဉ်အလာ ယုံကြည်ကိုးကွယ်သူတွေအတွက်တော့ အရေးကြီးတဲ့ပွဲဖြစ်ပြီး ပွဲတော်ချိန်ရောက်တိုင်း မပျက်မကွက် လာရောက်ကြတဲ့ဓလေ့ရှိပါတယ်။

တောင်ပြုန်းပွဲမှ နတ်ဝင်သည်တစ်ဦး။  ဓာတ်ပုံ − ဖြိုးဝေကျော်/မြန်မာတိုင်း(မ်)

ရှေးက တောင်ပြုန်းပွဲလာသူတွေဟာ မတ္တရာမြို့နယ်ကိုဖြတ်သန်းစီးဆင်းနေတဲ့ ရွှေတချောင်းကနေ လောင်းလှေစီးပြီး တောင်ပြုံးပွဲဆီသွားကြလေ့ရှိပါတယ်။ ရွှေတစ်ချောင်းဟာ မတ္တရာမြို့နယ်ထဲက ရွာတွေကိုဖြတ်စီးပြီး မန္တလေးကို စီးဝင်ကာ ဧရာဝတီမြစ်ထဲကို စီးဝင်ပါတယ်။လွတ်လပ်ရေးရပြီးချိန်ကာလတစ်ဝိုက်အထိ တောင်ပြုန်းပွဲဆီသွားတဲ့ လောင်းလှေတွေကို ရွှေတချောင်းထဲမှာ တွေ့ခဲ့ရပေမဲ့ အခုတော့ ကားတွေ၊ ဆိုင်ကယ်တွေကိုသာ သုံးကြပါတော့တယ်။

ပွဲတော်ရဲ့ စည်ကားမှုက အရင်လိုမပြောင်းလဲပေမဲ့ဆက်သွယ်သွားလာတဲ့ ပုံစံတွေ၊ ပွဲတော်မြင်ကွင်းနဲ့ အနှစ်သာရတချို့ ကတော့ ပြောင်းလဲလာတယ်လို့ ရှေ့မီနောက်မီလူကြီးသူမတချို့က ပြောပါတယ်။ ဖျော်ဖြေရေးပုံစံတွေ များလာတဲ့ ဒီခေတ်မှာ ပွဲတော်ဇာတ်ရုံတွေမှာ လူဝင်နည်းလာပါတယ်။ အရင်က မြင့်မြင့်ကျယ်ကျယ် ဇာတ်ရုံတွေဟာ ရုံပွင့်ထွက်အောင် လူဝင်ခဲ့ပေမဲ့ အခုတော့ ကွာခြားသွားပါတယ်။ ပြီးတော့ အရင်က ပွဲတော်ပျော်တွေအချင်းချင်းက မိသားစုမောင်နှမစိတ် ပိုရှိတယ်လို့ ခံစားရကြောင်း တချို့က ပြောပါတယ်။

စည်ကားလှတဲ့ တောင်ပြုန်းပွဲဖြစ်လာတဲ့ သမိုင်းကြောင်းကလည်း စိတ်ဝင်စားစရာပါ။ ပုဂံပြည်အနော်ရထာမင်းလက်ထက်မှာ ဇော်ဂျီဖိုဝင်သား စားထားပြီး ထူးခြားတဲ့ စွမ်းအင်တွေရထားတဲ့ ဗျတ္တကိုမင်းကြီးက ပုပ္ပားတောင်က ပန်းများကို နေ့စဉ်ယူပြီး ဆက်သစေပါတယ်။ဗျတ္တဟာ ပုပ္ပားတောင်က ပန်းစားဘီလူးမ မယ်ဝဏ္ဏနဲ့တွေ့ဆုံချစ်ကြိုက်ပြီး ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ် သားနှစ်ပါးမွေးလာပါတယ်။ ဘုရင့်ထံ ပန်းဆက်နောက်ကျတဲ့ဗျတ္တဟာကွပ်မျက်ခံရပြီး သူ့သား ညီနောင်နှစ်ပါးကိုတော့ ဘုရင်က နန်းတော်မှာ ခေါ်ယူမွေးစားခဲ့ပါတယ်။

နန်းကြီးတက်ရန် စောင့်ဆိုင်းနေကြသူတချို့ကို တွေ့ရစဉ်။  ဓာတ်ပုံ − ဖြိုးဝေကျော်/မြန်မာတိုင်း(မ်)

ညီနောင်နှစ်ပါးဟာ အနော်ရထာမင်းထံ အမှုထမ်းနေစဉ် ဘုရင်က တရုတ်ပြည်မှ မြတ်စွယ်တော်ပင့်လိုတဲ့အတွက် ကျန်စစ်သားအပါအဝင် ညီနောင်နှစ်ဦးကိုခေါ်ပြီး တရုတ်ပြည်ကို သွားပါတယ်။ အပြန်လမ်းမှာတောင်ပြုန်းအရပ်ကိုရောက်ရာမှာ ဆုတောင်းပြည့်ဘုရားကို တည်ချိန်မှာ ပါလာတဲ့သူတွေကို သဲတစ်ဆုပ်၊ အုတ်တစ်ချပ်စီ သယ်ယူစေပါတယ်။ သောက်စားပျော်ပါးနေခဲ့တဲ့ မင်းပျိုမင်းလွင် ရွှေဖျဉ်းညီနောင်နှစ်ပါးမှာ မပါဝင်နိုင်ခဲ့တာကြောင့် အုတ်နှစ်ချပ်လပ်သွားပါတယ်။

ဘုရင်က ဒါကိုမြင်တော့ ကျန်စစ်သားကို ညီနောင်နှစ်ပါးကို ဆုံးမစေရာမှာ သူတို့ကို ချိုးနှိမ်ဖို့အခွင့်အရေးစောင့်နေတဲ့ ကျန်စစ်သားက အပြီးကွပ်မျက်ပစ်လိုက်ပါတယ်။ သေဒဏ်ပေးခံရပြီး နတ်ဖြစ်သွားတဲ့ မင်းညီနောင်ကို အနော်ရထာက တောင်ပြုန်းရပ်မှာ နတ်နန်းဆောက်လုပ်ပေးရာကစတင်ပြီး မင်းညီနောင်ကို ပူဇော်ပသတဲ့ပွဲကို နှစ်စဉ်နှစ်တိုင်း ဝါခေါင်လမှာခမ်းနားစွာ ကျင်းပလာခဲ့တာဖြစ်ပါတယ်။

တောင်ပြုန်းပွဲတော်ရက်တွေတိုင်း စည်ကားတတ်ပေမဲ့ တိုးမပေါက်ပဲ ပြောစမှတ်ဖြစ်အောင် စည်ကားတတ်တဲ့ရက်တွေ ရှိပါတယ်။ ဒီရက်တွေက မင်းနှစ်ပါး ချိုးရေတော်သုံးတဲ့နေ့၊ ယုန်ထိုးတဲ့နေ့နဲ့ ထိန်ခုတ်ပွဲနေ့တွေပါ။ ချိုးရေတော်သုံးတဲ့နေ့တွေမှာ မင်းနှစ်ပါးရုပ်တုကို ဝေါပေါ်တင်ပြီး ချိုးရေတော်သုံးဆင်းကြတဲ့ လူအုပ်ကြီးနဲ့ ပွဲတော်ဟာတိုးပေါက်ဖို့ ခက်လှပါတယ်။ ယုန်ထိုးပွဲကတော့ မင်းညီနောင်ကို ထန်းရည်ခါးနဲ့ ယုန်ကင်ထုတ်ပြီး ဧည့်ခံဖူးတဲ့ အဘိုးကြီးကို တောင်ပြုန်းမင်းညီနောင်က ပွဲတော်ကိုလာရောက်ဖို့ဖိတ်ရာကအစ အဘိုးကြီးရဲ့အဆက်အနွယ်တွေဟာ တောင်ပြုန်းပွဲဆီ မပျက်မကွက် လာရောက်ကြရတယ်လို့ အဆိုရှိပါတယ်။ ယုန်ထိုးပွဲနေ့မှာ ညစ်ညမ်းတဲ့စကားတွေနဲ့ အော်ဟစ်သံချပ်ထိုးကြတဲ့ ဓလေ့ကလည်း ထူးခြားပြီး နန်းထိန်းက ဝေငှတဲ့ယုန်ကင်ကို စားရရင် တစ်နှစ်တာလုံးဘေးကင်းတယ်လို့လည်း အယူရှိကြပါတယ်။

ဆုတောင်းပြည့်ဘုရားအတွင်း အမိုးခုံးတွင် အုတ်နှစ်ချပ်လပ်နေသောနေရာကို တွေ့ရစဉ်။  ဓာတ်ပုံ − ဖြိုးဝေကျော်/မြန်မာတိုင်း(မ်)

ပွဲတော်နောက်ဆုံးရက် ထိန်ခုတ်ပွဲနေ့ကတော့ အကြမ်းဆုံးလို့ ဆိုရမှာပါ။အနော်ရထာကို ကျွဲယောင်ဆောင်ပြီးခတ်တဲ့ ထိန်ပင်စောင့်နတ်ကို မကျေနပ်တာကြောင့် ဒဏ်ခတ်တဲ့အနေနဲ့ ထိန်ပင်ကိုခုတ်တယ်လို့ အဆိုရှိပါတယ်။ ခုတ်တဲ့ထိန်ပင်က ထွက်လာတဲ့ ထိန်ပင်သားကိုဆောင်ထားရင်လာဘ်ကောင်းတယ်လို့ အယူရှိတာကြောင့် အတင်းဝင်လုလေ့ရှိတဲ့လူအုပ်ကလည်း မနည်းမနောပါပဲ။တောင်ပြုန်းပွဲဟာ ရိုးရာကိုးကွယ်ယုံကြည်မှုအပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးအစစတိုးတက်စေဖို့ရည်ရွယ်ချက်နဲ့ ပူဇော်ပသသူတွေအတွက် အရေးပါတဲ့ပွဲဖြစ်ပြီး ဗဟုသုတအနေနဲ့ လာရောက်လည်ပတ်သူတွေလည်း ရောက်သင့်တဲ့ပွဲပါပဲ။

ပွဲတော်မှာ ဒေသထွက်အစားအစာတွေကို ဝယ်ယူမြည်းစမ်းနိုင်တဲ့အပြင် ဒေသထွက်အမှတ်တရပစ္စည်းဆိုင်တွေလည်း ရှိပါတယ်။ ဒါ့ပြင်နာမည်ကြီးလှတဲ့ အိမ်ရှေ့မင်းထန်းတောကလည်း တောင်ပြုန်းပွဲနဲ့ သိပ်မဝေးလှတာကြောင့် တစ်ခါတည်းသွားရောက်ဖို့ အခွင့်အလမ်းကောင်းပဲဖြစ်ပါတယ်။

The Myanmar Times

Leave a Comment

Your email address will not be published. Required fields are marked *