LOADING

Type to search

လက်စောင်းထက်ရဲ့ သမီးတော်ရာဇဝင် (၆) – ပုပ်ရင်ပေါ် ဟုတ်ရင်ကျော်

လက်စောင်းထက်ရဲ့ သမီးတော်ရာဇဝင် (၆) – ပုပ်ရင်ပေါ် ဟုတ်ရင်ကျော်

Bagan Thar October 5, 2019
Share

လက်စောင်းထက်ရဲ့ သမီးတော်ရာဇဝင် (၆) – ပုပ်ရင်ပေါ် ဟုတ်ရင်ကျော်

သမီးတော်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အတွင်းဝန်ရာထူးတွေ ခန့်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဇာတ်သိမ်းမလှပဲ ထောင်ထဲမှာပဲ ဘ၀ရဲ့နောက်ဆုံးအချိန်ကို ကုန်လွန်ခဲ့ရတယ်။ ဘာကြောင့် သူထောင်ကျခဲ့ရသလဲ ဆိုတာ လူတွေ အတော်များများ မသိကြပါဘူး။ ဒီကိစ္စကလည်း သမီးတော်တွေရဲ့ စနက် ဖြစ်နေတယ်။ အဲဒီနိုင်ငံခြားရေး ၀န်ကြီးက ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ စင်ကာပူကို အစည်းအဝေး သွားနေချိန်မှာ သမီးတော်တွေရဲ့ မယ်မယ်ဘုရား မိဘုရားခေါင်ကြီးက ရန်ကုန်မှာ ကျန်ခဲ့တဲ့ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးခင်မောင်ဝင်းဆီကို ဖုန်းဆက်ပါတယ်။

အကြောင်းကတော့ သူ့ရဲ့သမီးတော် သုံးဦးကို တတိယ အတွင်းဝန်ကနေ ဘာကြောင့် ဒုတိယ အတွင်းဝန် ရာထူးတိုးမပေးသေးတာလဲ မေးတာပါ။ မေးတယ်ဆိုပေမယ့် မေးခွန်းမှာ အဖြေကပါနေပြီး သားလေ။ ငါ့သမီးတွေကို ဒုတိယ အတွင်းဝန် ရာထူးတိုးပေးဆိုတဲ့ စကားကို လှအောင် ပြောလိုက်တာ ဖြစ်တယ်။

ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးလည်း ခေါင်းကို ဆင်နင်းတော့တာပေါ့။ ဒါနဲ့ စင်ကာပူကို ရောက်နေတဲ့ နိုင်ငံခြားရေး ၀န်ကြီးဆီကို ဖုန်းလှမ်းဆက်ပြီး မိဘုရားခေါင်ကြီးကတော့ အမိန့်ချနေပြီ။ ဘယ်လို လုပ်ရမလဲပေါ့။ နိုင်ငံခြားရေး ၀န်ကြီးလည်း သူ့အမှု သူ့ပြန်ပတ်တော့တာပဲ။ သမီးတော် အားလုံးကို ရာထူးတိုးပေးလိုက်ရင် သူ့ဝန်ကြီးဌာနထဲမှာ မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး တက်လာလိမ့်မယ်။ ပြီးတော့ သမီးတော်တွေက ရာထူးသာ ယူထားတာ။ ရန်ကုန်က အိမ်မှာနေလိုက်၊ သက်ဆိုင်ရာ သံရုံး သွားလိုက် နေချင်သလို နေနေကြတာလေ။

ဒုတိယ အတွင်းဝန်ဆိုတာ အလုပ် တော်တော်များများကို ခေါင်းခံပြီး တကယ်လုပ်ရတဲ့ နေရာဆိုတော့ သမီးတော်တွေကို အဲဒီ့ရာထူး ပေးလိုက်ရင် သူတို့တာဝန်ကျမယ့် သံရုံးအတွက် ကပ်ဆိုက်တော့မှာ အသေအချာပဲ။ ဒါပေမဲ့ သူက ဇက်ပေါ်ဝဲနေတဲ့ ဓားကိုလည်း ကြောက်ရသေးတော့ နှစ်ယောက်ကို ရာထူးတိုးပေးပြီး တစ်ယောက် ကိုတော့ ချန်လှပ်ထားလိုက်တယ်။

နိုင်ငံခြားရေးဝန်ကြီးရဲ့ ဇာတာစန်းလဂ်ထဲက ရာဇရုပ်ဟာ အဲဒီကစပြီး ပျက်တော့တာပဲ။ သူချန်ထားတဲ့ သမီးတော်က သမီးတော် အုပ်စုထဲမှာ အမွှေလေ။ ဘာလို့ သူ့ကို ချန်ထားရသလဲဆိုပြီး ဒေါသတွေ ပေါက်ကွဲပြီး ထောက်လှမ်းရေးတွေ ဖြိုခွဲနေချိန်မှာ တစ်ခါတည်း အဲဒီ့နိုင်ငံခြားရေး ၀န်ကြီးကို ရာထူးက အနားပေး လိုက်တယ်။ နိုင်ငံခြားရေးဝန်ကြီးလည်း တော်သေးတာပေါ့။ လူကို ရန်မရှာလို့ဆိုပြီး စိတ်သက်သာရာ ရချိန်မှာ တစ်ခါတည်း ထောင်ထဲကို ဆွဲထည့် လိုက်ပါလေရော။

အမှုကတော့ လားရှိုးမှာ မူးယစ်ဆေးတွေနဲ့ မိတဲ့ကားဟာ မြန်မာနိုင်ငံကို သွင်းလာတုန်းက အဲဒီ့နိုင်ငံခြားရေး ၀န်ကြီးရဲ့ ပါမစ်နဲ့ သွင်းလာတဲ့ကား ဖြစ်နေလို့ပါ။ ပြောရရင် အဲဒီခေတ်က ကားပါမစ်တွေက ပေးမှမပေးတာ။ နိုင်ငံခြားမှာ သုံးနှစ် တာဝန်ထမ်းဆောင်ဖူးသူတွေ၊ နိုင်ငံခြားမှာ အလုပ်လုပ်သူတွေပဲ ကားသွင်းခွင့်ရတဲ့ အချိန်လေ။ အဲဒီဝန်ကြီးက သံအမတ် သုံးနှစ်လုပ်ပြီး ပြန်အလာမှာ ကားသွင်းခွင့် ပါမစ်ရတော့ ထုံးစံအတိုင်း ပါမစ်ကို သိန်းတစ်ထောင်နဲ့ ရောင်းစားထားတာ။

ခက်တာက ၀ယ်တဲ့သူက မဟုတ်တာ လုပ်မယ့်သူဆိုတော့ ကားကိုသွင်းပြီး နာမည် မပြောင်းဘဲ ဒီအတိုင်း ဆက်သုံးနေသပေါ့။ ရောင်းခဲ့တဲ့သူကတော့ ဘယ်သူ့ဆီကို ကားရောက်နေမှန်းတောင် သိမှာ မဟုတ်ဘူး။ ဒါပေမဲ့ နောက်ဆုံးမတော့ ၀ံပုလွေနဲ့ သိုးငယ် ပုံပြင်ထဲကအတိုင်း နင်မဟုတ်ရင် နင့်အဘိုးဆိုသလို နင့်ကား မဟုတ်တော့ပေမယ့်လည်း နင်သွင်းလာပြီး နင့်နာမည် ပေါက်နေတာဆိုတဲ့ စွပ်စွဲချက် နဲ့ ထောင်(၇)နှစ် ချပစ်လိုက်တော့တာပဲ။

အလွန်တန်ခိုး ထွားခဲ့တဲ့ နိုင်ငံခြားရေး ၀န်ကြီးဟာ အင်းစိန်ထောင်ထဲရောက်တော့ ဇာဂနာဆီက ငါးခြောက်ဖုတ်လေး စားကောင်းလို့ ပေးပါဦးဆိုပြီး တောင်းစားရတဲ့ဘ၀ တစ်ခါထဲ ရောက်သွားတာပဲ။ ဦးနေ၀င်း လက်ထက်တုန်းက ထောက်လှမ်းရေးတွေကို ဖြိုခွဲတော့ အထက်ပိုင်းကိုပဲ ဖြိုခွဲခဲ့တာ။ ဒါကြောင့် အဲဒီတုန်းက ထောက်လှမ်းရေး တပ်မှူးဖြစ်ခဲ့တဲ့သူက နိုင်ငံခြားရေး ၀န်ကြီးဌာနကိုပဲ အပို့ခံခဲ့ရတာ။ အဲဒီမှာ အဆင့်ဆင့် ရာထူးတွေ တက်ပြီးမှ နိုင်ငံခြားရေး ၀န်ကြီး ဖြစ်ခဲ့ပေမယ့် ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုတဲ့ အာဏာရှင်အသစ် လက်ထက်မှာတော့ ထောင်ထဲမှာပဲ ဘ၀ ဇာတ်သိမ်း ခဲ့ရတယ်။ ဒါတွေဟာ ယူတတ်မယ်ဆိုရင်ဖြင့် သင်ခန်းစာ ယူစရာတွေပေါ့ဗျာ။

အာဏာမစွန့်ခင်လေးမှာ သမီးတော်တွေ တောင်ကြီးမှာ ဈေးဝယ်တော့ လေးဘက်နာ ထနေတဲ့ သမီးတော် တစ်ပါးကို တိုင်းမှူးကတော်နဲ့ ဒုတိုင်းမှူး ကတော်က ချိုင်းနှစ်ဖက်ကနေ မပေးထားရပြီး ခြေထောက် ဒရွတ်ဆွဲလို့ ဈေးဝယ်ပါသတဲ့။ သမီးတော်တွေကို နှိပ်နယ်ပေးရတဲ့ တပ်မှူးကတော်တွေကတော့ သူတို့ရဲ့ လက်တွေဟာ ရွှေဓူဝံတို့နဲ့တောင် လက်ဝှေ့ထိုးလို့ ရလောက်အောင် အသားမာတွေ တက်နေကြပါပြီတဲ့။

သမီးတော် ဇာတ်လမ်းတွေ ဖတ်ပြီး အာဏာရှင်ဟောင်း မိသားစုက စိတ်ဆိုးနေကြတယ်။ သူတို့မိသားစုထဲမှာ ဒီလောက် အဆင့်မရှိတဲ့ လုပ်ရပ်တွေ လုပ်တဲ့သူ မရှိဘူးဆိုတဲ့ အသံတွေလည်း ကြားရပါတယ်။ ခက်တာက ဒီဇာတ်လမ်းတွေကို ပြောပြသူတွေဟာ တပ်မတော်မှာရော၊ အစိုးရဌာနတွေမှာပါ ဧရာမ ရာထူးအကြီးကြီးတွေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေ၊ အရမ်းချမ်းသာတဲ့ သူဌေးကြီးတွေက သူတို့မျက်မြင် ကြုံတွေ့ ခဲ့ရတာတွေကို ပြန်ပြောင်းပြကြတာ ဖြစ်တယ်။ တချို့ဇာတ်လမ်းတွေမှာ ဇာတ်လမ်းပြောပြသူတွေ ကိုယ်တိုင်က ကပြအသုံးတော် ခံခဲ့ရတာဖြစ်တယ်။ တချို့သူတွေဆိုရင် ဇာတ်လမ်းတွေ ပြောပြဖို့ ရန်ကုန်ကို တကူးတက သူ့စားရိတ်နဲ့သူ လာပြီး ပြောသွားကြတယ်။

အခုလည်း အင်တာနက်ဆိုရှယ် ကွန်ရက်တစ်ခုမှာ သမီးတော်တွေအကြောင်း အတွင်းသိတွေက ရေးပြီး တင်နေကြတယ်။ အမှန်ကတော့ အာဏာရှိချိန်မှာ ကတည်းက တစ်ချိန်ကျရင် ဒီလိုအကြောင်းတွေ ပေါ်လာရင် ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားရမှာလေ။ အခုမှတော့ ဘာမှလုပ်လို့ မရပေဘူး။ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လည်တဲ့။ ဒါတောင် တချို့ဆိုးဆိုးဝါးဝါး အကြောင်းအရာတွေကို မရေးဘဲ ချန်ထားတာ အများကြီး ရှိပါသေးတယ်။ အဲဒီခေတ်က အဲဒီ့သမီးတော်တွေ အတွက် အလုပ်အကျွေး ပြုခဲ့ဖူးတဲ့သူတွေဆီက တယ်လီဖုန်းတွေ ဂျာနယ်တိုက်ကို လာပါတယ်။ ရေးတာနည်းသေးတယ်။ ဒါတွေ ဒါတွေ ကျန်သေးတယ် ဆိုပေမယ့် တချို့ကိစ္စတွေဟာ ဖော်ပြဖို့တောင် မသင့်လျော်တဲ့ အတွက် ချန်လှပ်ထားခြင်း ဖြစ်တယ်။ လောကကြီးမှာ စကားတစ်ခွန်းရှိတယ် မဟုတ်လား။ ပုပ်ရင်ပေါ်တယ် ဟုတ်ရင်ကျော်တယ်တဲ့။

လက်စောင်းထက်
Tomorrow News Journal

Leave a Comment

Your email address will not be published. Required fields are marked *