LOADING

Type to search

သဘာဝဘေးကြောင့် သေဆုံးသွားသူများ နောင်လူ့ဘ၀ပြန်ရပါက… ပြည်ထောင်စုလွှတ်တော်တွင်ဆုတောင်း…

သဘာဝဘေးကြောင့် သေဆုံးသွားသူများ နောင်လူ့ဘ၀ပြန်ရပါက… ပြည်ထောင်စုလွှတ်တော်တွင်ဆုတောင်း…

Bagan Thar August 13, 2019
Share

သဘာဝဘေးဒဏ်ခံစားရပြီး သေဆုံးသွားသူများအနေဖြင့် နောင်လူ့ဘ၀ပြန်ရပါက ငြိမ်းချမ်းသောတိုင်းပြည်/ညဏ်ပညာကြီးမားပြီးညှိနှိုင်းရလွယ်သည့်တိုင်းပြည်တွင်သာ လူပြန်ဖြစ်စေရန် ပြည်ထောင်စုလွှတ်တော်တွင် ဆုတောင်းမေတ္တာပို့

တနင်္သာရီတိုင်း ၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် သဘာဝဘေးဒဏ်များကြောင့် တိုင်းရင်းသားဒေသခံများ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးရခြင်းအပေါ် ၀မ်းနည်းကြောင်းအဆိုကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင်တင်သွင်းခဲ့ကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ရက်တာနေ့တွက်စားရိတ်ကို လှူဒါန်းမှုပြုလုပ်ခဲ့ကြသည်။

အဆိုကို အောင်မြေသာဇံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကထောက်ခံခဲ့သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက သဘာဝဘေးဒဏ်ခံစားရသောတိုင်းရင်းသားဒေသခံပြည်သူများအတွက် စာနာထောက်ထားကြေကွဲဝမ်းနည်းကြောင်းပြောကြားပြီး အဆိုကို လွှတ်တော်သဘောထားဆန္ဒခံယူကာ အတည်ပြုခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ရက်တာ နေ့တွက်စားရိတ်အလှူငွေပမာဏသည် မများပြားသော်လည်း တစ်ထောင့်တစ်နေရာတွင်အသုံးဝင်မည်ဟု ထင်မှတ်ပါကြောင်း ထောက်ခံသူလွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏နေ့တွက်စားရိတ်အပြင်အခြားသော ထည့်ဝင်လှူဒါန်းမှုများလည်းရှိခဲ့ကြောင်းသိရသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ရရှိသည့် အလှူငွေပမာဏ မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ကျပ် ၆၃ သိန်း ၆ သောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ က ၈၆ သိန်း ၄ သောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ၄၄ သိန်း ၈ သောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဌက ကျပ်သိန်း ၃၀ နှင့် ၂ သောင်း ၊ အားလုံးစုစုပေါင်း ကျပ် ၂၂၅ သိန်း ဖြစ်သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၏ ပုံမှန်အစီအစဉ်များကို ဆက်လက်ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ် ၁၀ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးက ဆွေးနွေးမှုမပြုလုပ်ခင် သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအတွက် ဆုတောင်းစကားပြောခဲ့သည်။

“ဘေးအန္တရာယ်မှအမြန်ဆုံကင်းလွှတ်ပါစေကြောင်း၊ အသက်ဆုံးပါးသွားသူများကောင်းရာသုဂတိလားပါစေကြောင်း ၊ နောင်လူ့ဘ၀ပြန်ရပါက ငြိမ်းချမ်းသောတိုင်းပြည်မှာလူဖြစ်ပါစေကြောင်း၊ ညဏ်ပညာကြီးမားတဲ့ ညှိလို့နှိုင်းလို့လွယ်ကူတဲ့ တိုင်းပြည်မှာသာလူဖြစ်ပါစေကြောင်း ဆိုမွန်ကောင်းတောင်းအပ်ပါတယ်” ဟု ၎င်း ကပြောကြားခဲ့သည်။

လက်ရှိတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တို့တွင် ရေးကြီးနှစ်မြုပ်မှုဒဏ်ကို ဆိုးရွားစွာခံစားနေရလျက်ရှိသည်။ ပေါင်မြို့နယ် သဲဖြူကုန်းမြေပြိုမှုတွင်မူ ယနေ့မနက် ၁၁ နာရီထိသေဆုံးအလောင်း ၆0 ကျော်ထိရှာဖွေတွေ့ရှိထားလျက်ရှိသည်။

(သတင်းတမန်)
လေးစားစွာဖြင့် ခရက်ဒစ်

Leave a Comment

Your email address will not be published. Required fields are marked *