LOADING

Type to search

သစ်တောလို့တောင် မခေါ်နိုင်တော့တဲ့ ပဲခူးရိုးမထဲက အမေ့လျော့ခံ ခြောက်သွေ့သွေ့ ဘဝများ

သစ်တောလို့တောင် မခေါ်နိုင်တော့တဲ့ ပဲခူးရိုးမထဲက အမေ့လျော့ခံ ခြောက်သွေ့သွေ့ ဘဝများ

Bagan Thar June 12, 2019
Share

သစ်တောလို့တောင် မခေါ်နိုင်တော့တဲ့ ပဲခူးရိုးမထဲက အမေ့လျော့ခံ ခြောက်သွေ့သွေ့ ဘဝများ

အနော် ပဲခူးရိုးမထဲကို ပထမဆုံးရောက်ဖူးတာ (၂၀၁၅)ခုနှစ် မေလကုန်။ အကြောင်းအရာကတော့ အဲ့ဒီတောထဲက ကလေးငယ်တွေကို ကျောင်းတတ်ဖို့ စာရေးကရိယာတွေ သွားလှူတာပေါ့။ အဲ့ကနေစပြီး နှစ်တိုင်း ကျောင်းဖွင့်ရာသီမတိုင် တောထဲ ရောက်ခဲ့တယ်။ ကိုယ်သိခဲ့တဲ့ ပဲခူးရိုးမဆိုတာက မြိုင်ရာဇာ တွတ်ပီ ရုပ်စုံထဲကလို အပင်တွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ သားကောင်တွေ သိပ်ပေါတဲ့ တောနက်ကြီး။ တကယ်ရောက်သွားတဲ့အခါကျ သစ်ပင်တွေ ပြောင်သလင်းခါပြီး တောင်ကတုံးတွေ အတိနဲ့ ကန္တာရကြီးလို။

အနော်လည်း တိုင်းရင်းသား ပါပဲ။ အဖေက ကရင်၊ အမေက ရှမ်း။ ဗမာသွေးမပါတဲ့ ကပြားတိုင်းရင်းသူ။ ငယ်တုန်း ကရင်း ပါပဲ တိုင်းရင်းသူပေမယ့် ဗမာတွေကို မမုန်းတတ်ခဲ့ဘူး။ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် ကွာလို့လည်း တူပါတယ်။ အရွယ် ရောက်လာပြီး အခုလို သွားဖြစ်လာဖြစ်တဲ့အခါကျ ဗမာတွေဟာလည်း တခြား တိုင်းရင်းသားတွေနီးတူ ချို့တဲ့နေဆဲပါပဲ။ ဆင်းရဲနေဆဲပါပဲဆိုတာ ပဲခူးရိုးမထဲရောက်တော့ ပိုသေချာသွားခဲ့တယ်။

ပဲခူးရိုးမဆိုတာက ပြည် အလွန်၊ ပေါက်ခေါင်းအကျော်က ရိုးမကြီး။ တောကြီးထဲမှာ ဗမာလူမျိုးတွေ အများဆုံးနေကြတယ်။ ကရင်လူမျိုးတချို့လည်းရှိတယ်။ ဟိုးအရင် အနှစ် (၃၀)လောက်ကတော့ တောကြီးမျက်မဲပေါ့။ အခုနေတော့ အလုံးစုံကို ဟင်းလင်းပြင်ကြီးဖြစ်လို့ သစ်ပင်ကြီးတွေလည်း ခုတ်ရောင်းလို့ ကုန်ပေါ့။

ငယ်ငယ်က ရွတ်ခဲ့တဲ့ ကဗျာလေးရှိတယ်လေ“ရွာငယ် ဇနပုတ်၊ မီးကလေး မှိတ်တုတ်၊ ကျွဲနွားဝက်တို့အော်သံ” ဆိုပြီး ရွတ်ခဲ့သလိုပဲ ပဲခူးရိုးမတောထဲက ရွာငယ်လေးတွေက ခုချိန်ထိ မီးကလေးမှိတ်တုတ်နဲ့ နွားကလေးတွေနဲ့။ သူတို့ဆီမယ် ပိုက်ဆံသိပ်မကိုင်ကြဘူး။ မကိုင်ဆို ရစရာလမ်းကြောင်းမှလည်းမရှိတာကိုး။ အရင် ကတော့ တောထဲက သစ်တွေခုတ်ပြီး မှောင်ခိုသစ်သမားတွေကို ရောင်းတယ်ပြောတယ်။ တစ်ပင်လုံးမှ ငွေ(၆၀၀၀)တဲ့။ သူတို့ခုတ်ပြီး ရောင်းလိုက်တဲ့ သစ်တွေက တစ်တန်ကို သိန်း (၅၀)လောက်ပေါက်ဈေးရှိတာလည်း မသိဘူး။ ပေါ်ဆန်းမွှေး လည်း မသိဘူး။ KTV လည်းမသိဘူး။ ရန်ကုန်ကနေ မန်းလေးကို ရထားနဲ့ သွားလို့ရတယ်ဆိုတောင် မသိကြတဲ့ လူရိုးကြီး တွေ။

သူတို့ဆီမယ် ဆပ်ပြာမရှိဘူး၊ ဆေးရုံ၊ ဆေးခန်းမပြောနဲ့ ဆေးဝါးတောင်မရှိဘူး၊ သွားတိုက်တံ မရှိဘူး၊ သွားတိုက်ဆေး မရှိဘူး၊ အင်္ကျီချိတ် မရှိ၊ ကုတ်အကျီမသိတဲ့ ရွာတွေမှာ အသက်ရှင်ရုံနေနေကြတဲ့ မြန်မာနိုင်ငံသားတွေပေါ့။ ဘာမှမရှိတာ ဘယ်လို လုပ်ကိုင်စားသောက်ကြတုန်းဆို တောထဲမယ် ၀ါးခုတ်တယ်၊ ပဲကလေး နှမ်းကလေးစိုက်တယ်၊ ဟင်းစားအတွက် ငှက်ပစ်တယ်၊ မိုးတွင်းဆို ဖားကလေး ငါးကလေးရှာတယ်။ ပိုက်ဆံအတွက် မရှိရှိတဲ့ သစ်တွေခုတ်ပြီး တစ်ပင် (၆၀၀၀)နဲ့ ကလေးတွေ ကျောင်းစရိတ်ပေးတယ်။ ဒီလိုပဲ ရှင်သန်လာခဲ့ကြတာ မျိုးဆက် တစ်ခုတောင် ရှိရောပေါ့။

ဟိုးအရင်ကတော့ သစ်ပင်တွေ အုံ့ဆိုင်းလို့တဲ့။ သားကောင်းကြီးတွေလည်း ပေါမှပေါ။ ခုနေ တောင်ကတုံးတွေဆီမယ် ဒေါင်းတွေ ကကြလို့ ဒေါင်းကကွင်းလို့တောင်ခေါ်ကြတာတဲ့။ မိုးမှန်၊ လေမှန်၊ ရာသီဥတု မှန်တဲ့ ပဲခူးရိုးမကြီးဟာ ခုတော့လည်း ခြောက်သွေ့လို့။ ဘာစိုက်စိုက်ကို အရင်းရှုံးလို့။ နွေဆို သောက်သုံရေအမြဲပြတ်ပြီး ဒုက္ခအတိရောက်လို့။ တောမရှိတော့တဲ့အခါ သားကောင်ကြီးတွေကလည်း မရှိဆိုတော့ ဟင်းစားအတွက်လည်း ဒုက္ခတွေ ရောက်ကြပြန်ရော။

ဒီလိုရေးနေတာက ကိုယ့်တိုင်းရင်းသားအချင်းချင်း လူမျိုးအချင်းချင်း စိတ်ဝမ်းမကွဲစေချင်လို့ပါ။ တိုင်းရင်းသားတွေ ဆင်းရဲ ခဲ့ရ ဒုက္ခရောက်ကြသလို တကယ့်ဗမာလူမျိုးတွေလည်း ဆင်းရဲတွင်းထဲကကို မထွက်နိုင်ကြသေးတာ အများကြီးပါပဲ။ တိုးတက် လာတယ် တိုးတက်လာတယ်ဆိုပြီး အပေါ်ယံ အလွှာပါးကလေးလောက် လူတန်းစေ့နေနိုင်တာ၊ ခေတ်ပေါ် ပစ္စည်းတွေ သုံးနိုင်တာ၊ အင်တာနက်သုံးနိုင်တာတွေက တစ်နိုင်ငံလုံး အတိုင်းတာနဲ့ဆို အများကြီး ကျန်ပါသေးတယ်။

အနော်ဆို တောထဲ နှစ်တိုင်းရောက်တယ်။ (၅)နှစ်တာ ကာလမှ ဘာမှတိုးတတ်မလာတဲ့အပြင် ဒီထက်တောင် သစ်ပင်တွေ ပြုန်းတီးကုန်တာပဲ တွေ့ရတာ စိတ်မချမ်းသာလှပါဘူး။ ဒီခရီးလေးဟာ ပျော်စရာတော့ မကောင်းလှပါဘူး။ လည်စရာလည်း မကောင်းလှပါဘူး။ ဒါပေမယ့် ကိုယ်တွေနိုင်ငံမယ် ဒီလိုလေးတွေတော့ ကျန်နေသေးတယ်၊ အများကြီးတွေ ရှိနေသေးတယ် ဆိုတာလေးတော့ ပြောပြချင်မိလို့ ဒီစာလေးကိုရေးလိုက်တာပါ။ တစ်စုံတစ်ဦး (သို့) အဖွဲ့အစည်းတွေကို ထိခိုက်လိုခြင်း မရှိပါဘူး။

ဒီစာကို ရေးရင်း၊ သက်ပြင်းအရှည်တွေချပြီးရင်းသာ နောက်နှစ်ထဲလည်း ပဲခူးရိုးမထဲ သွားရဦးမှာပါ ….… စိမ်းစိုမှုတွေကို မျှော်လင့်ရင်းနဲ့ပေါ့

Travel by Naw Htike (လေးစားစွာဖြင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *