LOADING

Type to search

“သမ္မတကြီး တာဝန်ယူပေးပါ” မူးယစ်ဆေး သတင်းပေးမှုကြောင့် ဘဝပျက်သွားရတဲ့ မိသားစုလေး

“သမ္မတကြီး တာဝန်ယူပေးပါ” မူးယစ်ဆေး သတင်းပေးမှုကြောင့် ဘဝပျက်သွားရတဲ့ မိသားစုလေး

Bagan Thar July 11, 2019
Share

သမ္မတကြီး တာဝန်ယူပေးပါ

မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို ပြည်သူက သတင်းပေးတိုင်ကြားနေသော်လည်း ပမာဏကြီးမားသည့် ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားမှုသတင်းများရရှိမှု အားနည်းနေ ကြောင်း နိုင်ငံတော်သမ္မတက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။

နေပြည်တော်ရှိ ကြီးကျယ်သော အခမ်းအနားတစ်ခုတွင် သမ္မတက ထိုသို့ပြောနေချိန်တွင် မူးယစ်သတင်းကြီးကြီးပေးခဲ့သူတစ်ယောက်သည် သူ့ရပ်ရွာကိုရှောင်ခွာကာ ဇာတ်မြှုပ်နေလိုက်ရပြီဖြစ်သည်။

သမ္မတဖြစ်ပြီးနောက် ပထမဆုံးမိန့်ခွန်းတွင်လည်းကောင်း၊ နှစ်သစ်ကူးမိန့်ခွန်းတွင်လည်းကောင်း မူးယစ်တိုက်ဖျက်ရေး အားသွန်ခွန်စိုက်ပြောတတ်သော ဦးဝင်းမြင့်သည် စိတ်ကြွဆေးပြား ၁၄ သန်း ဖမ်းမိရန် သတင်းပေးခဲ့သော တာဝန်သိပြည်သူ”ကိုရာဇာဟိန်း”ကို မေ့လိမ့်မည်မဟုတ်ဟု ယုံကြည်ရပါသည်။

မူးယစ်သတင်းပေးမှု၏ အကျိုးဆက်အဖြစ် ကိုရာဇာဟိန်းနှင့်မိသားစုသည် လုံခြုံရေးနှင့် စားဝတ်နေရေးအခြေအနေကြောင့်ဥသျှစ်ပင်မြို့ကို စွန့်ခွာခဲ့ရသည်။ သူတို့မိသားစု မည်သည့်အရပ်သို့ပြောင်းသွားသည်ဆိုသည်ကို မည်သူမှရေရေရာရာမသိဘဲ သိသူများကလည်း ထုတ်ဖော်ပြောမည် မဟုတ်ပေ။

“သူတို့အရမ်းဒုက္ခရောက်နေပြီလို့ ကျွန်မကိုဖုန်းနဲ့လှမ်းပြောခဲ့တယ်။ အဲဒီနောက်ပိုင်း သူတို့ထွက်သွားတော့တာပဲ” ဟု ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဒေါ်ခင်နှင်းသစ်က ပြောသည်။

လွန်ခဲ့သည့်နှစ်နှစ်ကျော်က စိတ်ကြွဆေးပြား ၁၄ သန်း ဖမ်းမိရန် တောထဲ၌ တစ်ပတ်ကျော်အပင်ပန်းခံစောင့်ကြည့်ကာ အာဏာပိုင်များထံ သတင်းပေးခဲ့သူ ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြို့ခံတစ်ဦး၏ ဖြစ်ရပ်ကို ကိုမှတ်မိကြသူများ ရှိနိုင်သည်။

ကိုရာဇာဟိန်း၏ အပင်ပန်းခံစောင့်ကြည့်သတင်းပေးမှုသာမရှိပါက တိုင်ကီထဲတွင်ဝှက်ပြီး သယ်ဆောင်လာသည့် စိတ်ကြွဆေးပြားများကို ရဲတပ်ဖွဲ့ကဖမ်းမိစရာ အကြောင်းမရှိပေ။ သူ၏ပြောင်မြောက်သော စွမ်းဆောင်မှုကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ၏ “ချီးကျူးဂုဏ်ပြုထိုက်သူ”အဖြစ် ရွေးချယ်ခဲ့သည်။ သို့သော် ထုတ်ပြန်လိုက်သည့် ဂုဏ်ပြုစာတွင် ကိုရာဇာဟိန်း၏ ဓာတ်ပုံနှင့် ကိုယ်ရေးအချက်အလက်များကို ဖော်ပြခဲ့ခြင်းအတွက် လူထုအကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။

ချီးမွမ်းခုနှစ်ရက်ကာလကိုကျော်လွန်ပြီးနောက် ကိုရာဇာဟိန်းနှင့်မိသားစုအတွက် ခရောင်းလမ်းက စောင့်ကြိုနေတော့သည်။ အသက်အန္တရာယ်ခြိမ်းခြောက်မှုများရှိလာပြီး စီးပွားရေးလည်းကျလာသည်။ အကြောက်တရားသည် ပတ်ဝန်းကျင်သို့ပါ ပျံ့နှံ့သွားပြီး သူ၏ဆိုင်ကယ်ပြင်ဆိုင်နှင့် ဇနီးဖြစ်သူ၏အပ်ချုပ်ဆိုင်သို့ လူမဝင်ကြတော့ပေ။ ရဲတပ်ဖွဲ့လုံခြုံရေးစီစဉ်ပေးထားသော်လည်း လပိုင်းသာအစောင့်အရှောက်ပေးနိုင်ခဲ့သည်။ ဒေသခံများ၏ အဆိုအရ ကိုရာဇာဟိန်းသည် များသောအားဖြင့် အိမ်အပြင်မထွက်ဖြစ်တော့ဘဲ ထွက်လျှင်လည်း ရုပ်ဖျက်ပြီးထွက်ရသည်အထိ ဖြစ်ခဲ့ရသည်။ သားသမီးနှစ်ဦးရှိသော မိသားစုသည် နောက်ပိုင်းတွင် မြို့မှပြောင်းရွှေ့သွားပြီး ဇာတ်မြှုပ်လိုက်ရသည်အထိဖြစ်ခဲ့ရသည်။

ပတ်ဝန်းကျင်၏အပြစ်ဟုပြော၍မရဘဲ မည်သူမဆို မိမိအသက်ကိုစိုးရိမ်စိတ်ရှိကြမည်ဖြစ်ကြောင်း ကိုရာဇာဟိန်းနေထိုင်သည့်ရပ်ကွက်မှ ရာအိမ်မှူး ဒေါ်ပပကြည်က ပြောသည်။

ကိုရာဇာဟိန်း၏ဖြစ်ရပ်ကို ကြည့်ကာမကောင်းမှုကိုဖော်ထုတ်ပေးရန်တွန့်ဆုတ်သွားကြကြောင်း ဒေါ်ပပကြည်က ပြောသည်။

လက်ရှိအချိန်တွင် ကိုရာဇာဟိန်းသည်သူစိတ်ချယုံကြည်ရသူအချို့ကိုဖုန်းဖြင့်အဆက်သွယ်ပြုလုပ်လျက်ရှိပြီး သူ၏ဘဝကိုပြည်ဖုံးကားချထားရသည်။

“ဘဝကို ပျက်သွားတဲ့သဘော”ဟု ၎င်းကပြောသည်။

အစိုးရသည် ဒုစရိုက်မှုများကိုတာဝန်သိသိဖော်ထုတ်ပေးသူများ၏ ဘဝလုံခြုံမှုကို အာမခံပေးနိုင်မည့် အစီအစဉ်ရှိသင့်ပြီး စောင့်ရှောက်နိုင်သည့်အဖွဲ့အစည်းများက ကြိုးစားပေးသင့်သည်ဟု ဒေါ်ပပကြည်က အကြံပြုသည်။

ရဲမှူးချုပ်(ငြိမ်း)ဝင်းခေါင်ကမူ ဂုဏ်ပြုဆုချီးမြှင့်ပါက အခမ်းအနားဖြင့် ရယူမည်လား၊ လူသိမခံဘဲရယူမည်လားဟူသည့် ကာယကံရှင်၏ သဘောဆန္ဒကို ရဲတပ်ဖွဲ့က ရယူရကြောင်း ရှင်းပြသည်။

မူးယစ်ဆေးနှိမ်နင်းမှုကြောင့် ဝန်ကြီးချုပ်အဆင့်ကိုပင် ခြိမ်းခြောက်ခံနေရသည့် အခြေအနေက ရှိသည်။ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့်ပတ်သက်၍ခြိမ်းခြောက်ခံရမှုများရှိကြောင်း ၎င်း၏အတွေ့အကြုံကို ဝေမျှခဲ့ဖူးသည်။

“သမ္မတဆီ အစီရင်ခံစာရေးလိုက် သေးတယ်။(မူးယစ်ဆေးဝါးတွေ) ဖမ်းဆီးရခက်နေတယ်။ ဗဟိုက လာဖမ်းပေးပါဆိုပြီး။ မန္တလေးတိုင်းမှာ ကျွန်တော် ဖမ်းတယ်။ သူတို့က ကျွန်တော့်ကိုတောင် သတိထားဖို့ လာပြောတယ်။ သတိထားစရာအကြောင်းမရှိဘူး။ ကျွန်တော့်အလုပ် ကျွန်တော်လုပ်နေတာ” ဟု ဒေါက်တာဇော်မြင့်မောင်က ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုတွင် ပြောခဲ့ဖူးသည်။

နိုင်ငံတော်သမ္မတရုံးက ပြည်သူများလုံခြုံစိတ်ချစွာတိုင်ကြားနိုင်ရန် မူးယစ်ဆေးဝါးအထူးသတင်း တိုင်ကြားရေးဋ္ဌာနကို ၂၀၁၈ ခုနှစ်၊ ဇွန်လက ဖွင့်လှစ်ပေးခဲ့သည်။”လုံခြုံစိတ်ချ သတင်းပေးကြ”ဟူသည့် ဆောင်ပုဒ်အတိုင်း သတင်းပေးသူများ၏ အချက်အလက်များကို “လျှို့ဝှက်” ထားမည်ဟု အာမခံချက်ပေးထားသည်။

ဌာနထံ သတင်းပေးတိုင်ကြားမှုများ ရှိသော်လည်း လက်ကြီးများမှာလွတ်မြောက်နေဆဲဖြစ်သည်။

လက်ကြီးများဖမ်းမမိသည့်အကြောင်းကို မူးယစ်ဗဟိုမှ ဒုရဲမှူးဝင်းမြင့်က ၂၀၁၈ ခုနှစ်ကပြုလုပ်သော မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒဆွေးနွေးပွဲတစ်ခုတွင် အောက်ပါအတိုင်းပြောသည်။

“ကားသမားတွေလောက်ပဲဖမ်းမိတယ်။ သူတို့က တရားရုံးရောက်ရင် ပိုင်ရှင်ဘယ်သူလဲ မထွက်ဆိုကြဘူး။ ထွက်ဆိုရင် သူတို့မိသားစု အန္တရာယ်ကျမယ်။ မထွက်ဆိုရင် သူတို့ မိသားစုကို ထောက်ပံ့ပေးမယ်။ ဒါကြောင့် လက်ကြီးသမားတွေကိုဖမ်းဖို့ခက်တာ” ဟု ၎င်းကပြောသည်။

အစိုးရ၏ အချက်အလက်များအရ ၂၀၁၈ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ဘိန်းစိုက်ပျိုးမှုမှာ ဟက်တာ ၃၇ ဝ၀ဝ ကျော်နှင့် ထုတ်လုပ်မှုပမာဏတန် ၅၀ဝ ကျော်ရှိခဲ့သည်။ မူးယစ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုကို နှိမ်နင်းရန် အထူးစစ်ဆင်ရေး ၂၅ ခု ဆောင်ရွက်ခဲ့သည်ဟု ၂၀၁၉ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ထုတ်ပြန်သည်။

မူးယစ်ဆေးဝါးနှင့်စိတ်ကြွဆေးပြားပြဿနာမှာ ထုတ်လုပ်မှုများမြင့်တက်နေသကဲ့သို့ အလွယ်တကူရရှိမှုကြောင့် သုံးစွဲမှုနှင့် ဝယ်လိုအားမြင့်တက်နေကြောင်း သမ္မတက ဝန်ခံသည်။

“ညီညီညွတ်ညွတ်နဲ့ မတိုက်ဖျက်နိုင်ရင် နောက်လာမယ့်ဆယ်စုနှစ်အတွင်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားက မတွေးဝံ့စရာပါ” ဟု သမ္မတဦးဝင်းမြင့်က ပြောသည်။

သမ္မတက မူးယစ်ရာဇာကြီးများ၏သတင်းကို တိတိကျကျတိုင်ကြားပေးပါဟု ပြောလာချိန်တွင် ကိုရာဇာဟိန်းကဲ့သို့သော တာဝန်သိပြည်သူများ၏အရေးကို လျစ်လျှူရှုမထားရန် တောင်းဆိုမှုများလည်းရှိလာသည်။

“သတင်းပေးကခြိမ်းခြောက်ခံနေရပြီဆိုရင် သူတို့မိသားစုအတွက် ဘယ်လိုလုပ်ပေးရမလဲ စဉ်းစားပေးရမယ်။ သူတို့ကိုမိသားစုလေးတစ်ခုလို့မရှုမြင်ရဘူး။ ပြည်သူလူထုကိုကိုယ်စားပြုပြီး ရှုမြင်ပြီးကာကွယ်ပေးရမှာဖြစ်တယ်” ဟု ရဲမှူးချုပ်(ငြိမ်း)ဝင်းခေါင်ကပြောသည်။

ထို့ပြင် သတင်းပေးများကို အစွမ်းကုန်ကာကွယ်ပေးရန်တာဝန်ရှိပြီး မှုခင်းဖော်ထုတ်ရေးတွင် ပြည်သူလူထုပူးပေါင်းမှုမပါဘဲ ရဲတပ်ဖွဲ့တစ်ခုတည်းဖြင့် မအောင်မြင်နိုင်ဟု ၎င်းကဆိုသည်။

မြန်မာတိုင်း(မ်)၏စုံစမ်းမှုအရ လက်ရှိအချိန်တွင် ကိုရာဇာဟိန်းတို့မိသားစုကို လုပ်ငန်းရှင်တစ်ဦးက ခေါ်ယူအလုပ်ပေး ထားကြောင်း သိရသည်။ နေရပ်လိပ်စာနှင့်အလုပ်အကိုင်ကိုမူ ၎င်း၏ လုံခြုံရေးအခြေအနေအရ သတင်းရင်းမြစ်များက ထုတ်ပြောရန် ဆန္ဒမရှိချေ။

“သူကူညီပေးခဲ့တဲ့ဟာ သာမန် မဟုတ်ဘူး။ ဒါပေမဲ့ နိုင်ငံအတွက် လုပ်ပေးခဲ့တဲ့လူတစ်ယောက်ကို ပြန်မစောင့်ရှောက်နိုင်ဘူးဆိုတဲ့ အနေအထားဖြစ်နေတယ်” ဟု ဒေါ်ခင်နှင်းသစ်က ပြောသည်။

ဒေါ်ခင်နှင်းသစ်သည် ကိုရာဇာဟိန်း၏ လုံခြုံရေးနှင့် ဘဝရပ်တည်ရေးအတွက် အစိုးရ၏ ပံ့ပိုးကူညီမှုရရှိရန် လွှတ်တော်ကတစ်ဆင့် ကြယ်ပွင့်မပြမေးခွန်း နှစ်ကြိမ်မေးမြန်းခဲ့သည်။ သို့သော် ထိရောက်သည့် ကူညီထောက်ပံ့မှုများ မရရှိခဲ့ပေ။

ကျယ်ပြန့်လာသည့် မြန်မာပြည်၏မူးယစ်ဆေးဝါးပြဿနာကို နှိမ်နင်းရန် သမ္မတဦးဝင်းမြင့်နှင့် ပူးပေါင်းဆောင်ရွက်လိုသူများရှိသော်လည်း သူတို့သည် နောက်ထပ် ကိုရာဇာဟိန်းများ မဖြစ်လိုကြပေ။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကမူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် သတ္တိရှိရှိတိုင်ကြားကြရန် ယခုနှစ် မတ်လက မုံရွာမြို့၌ လူထုနှင့်တွေ့ဆုံစဉ် တိုက်တွန်းခဲ့သည်။

“မူးယစ်ဆေးဝါးနဲ့ပတ်သက်လာလို့ရှိရင် တိုင်ကြပါ။ အားနာလို့မတိုင်တာပဲဖြစ်ဖြစ်၊ ကြောက်လို့ မတိုင်တာပဲဖြစ်ဖြစ်၊ ကိုယ်နဲ့အကျိုးတူမို့လို့ မတိုင်တာပဲဖြစ်ဖြစ် ဒီလိုမတိုင်ဘဲနေလို့ရှိရင် ကျွန်မတို့ အတွက် ဒီပြဿနာကို ဖျောက်ဖို့ အင်မတန်မှ ခက်ခဲပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

The Myanmar Times

Leave a Comment

Your email address will not be published. Required fields are marked *