LOADING

Type to search

ထုတ်လုပ်သူ၊ ပို့ဆောင်သူ၊ ဖမ်းဆီးသူတွေနဲ့ မြိုင်ဆိုင်လှတဲ့ ရွှေတြိဂံဒေသက မူးယစ်ဆေးပွဲတော်

ထုတ်လုပ်သူ၊ ပို့ဆောင်သူ၊ ဖမ်းဆီးသူတွေနဲ့ မြိုင်ဆိုင်လှတဲ့ ရွှေတြိဂံဒေသက မူးယစ်ဆေးပွဲတော်

Bagan Thar June 11, 2019
Share

ထုတ်လုပ်သူ၊ ပို့ဆောင်သူ၊ ဖမ်းဆီးသူတွေနဲ့ မြိုင်ဆိုင်လှတဲ့ ရွှေတြိဂံဒေသက မူးယစ်ဆေးပွဲတော်

မဲခေါင်မြစ်ကြောင်း တစ်လျှောက်မှာ နေ့အလင်းပျောက်ကွယ်လာတာနဲ့အမျှ ဒရုန်းယာဉ်ငယ်တွေ၊ ကင်းထောက်တွေ၊ ဆင်းရဲတဲ့ တံငါသည်တွေရဲ့ လှေတွေပါဝင်တဲ့ ထိုင်းနယ်စပ်လုံခြုံရေးတွေနဲ့ ထိုင်းနိုင်ငံထဲက အိုက်စ် အမြောက်အများ ခိုးသွင်းဖို့ ကြိုးစားတဲ့ လာအို မူးယစ်ရာဇာတွေရဲ့ ညကပွဲ စတင်ပါတော့တယ်။

ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့၊ လျို့ဝှက်မှုတွေများတဲ့၊ အစိုးရအာဏာမသက်ရောက်တဲ့ နယ်စပ်တွေများတဲ့ လာအိုနိုင်ငံဟာ မြန်မာနိုင်ငံထုတ်မူးယစ်ဆေးဝါးတွေကို ဒေါ်လာဘီလီယံချီ ဈေးကွက်ရှိတဲ့ သြစတြေးလျနဲ့ အရှေ့တောင်အာရှဈေးကွက် ထဲဖြန်မယ့် အဓိက လမ်းကြောင်းဖြစ်လာပါတယ်။

ကွန်မြူနစ်နောက်ဆုံးလက်ကျန်တွေထဲက တစ်နိုင်ငံဖြစ်တဲ့၊ တောင်တန်းတွေပေါ်က လာအိုနိုင်ငံဟာ ပင်လယ်ရေကြောင်း ပို့ဆောင်ရေးအတွက် ဒေသတွင်း မူးယစ်ဆေးတွေရဲ့လမ်းမကြီးဖြစ်နေတဲ့ ထိုင်းနိုင်ငံကို လာရစမြဲပါ။ “ဟိုဘက်ကနေ လာတာပဲ” လို့ ထိုင်းရေတပ်ဖွဲ့ ခေါင်းဆောင် ဆမ်နွန်ကမ်ဒီးက ထိုင်း-လာအို နယ်ခြားဖြစ်တဲ့ မဲခေါင်မြစ်ဘက်ကို ညွှန်ပြရင်း AFP ကိုပြောပါတယ်။

“မူးယစ်ဆေးက အမျိုးသားရေး အန္တရာယ်ဖြစ်လာပြီ” သူ့မှာ M4 ရိုင်ဖယ်ရယ် ညကြည့်မှန်ပြောင်းရယ် တပ်ဆင်ထားပါ တယ်။ သူရဲ့ မဲခေါင်မြစ်လုံခြုံရေး တပ်စုက ထိုင်းအရှေ့မြောက်ပိုင်းက အဆင်းရဲဆုံးနယ်စပ် ခရိုင်တစ်ခုဖြစ်တဲ့ နခွန်ဖနွန် ခရိုင်ထဲက ရေပြင်ပေါ်မှာ စပိဘုတ်တွေနဲ့ ကင်းလှည့်ပါတယ်။ ဒါပေမယ့် နယ်စပ်ကရှည်လျားပြီး လုံခြုံရေးအပြည်အဝ မချထားနိုင်ပါဘူး။

အိုက်စ်လို့ခေါ်တဲ့ စွဲလမ်းစေတဲ့ မက်သာဖက်တမင်း ပုံဆောင်ခဲတွေ၊ သန်းရာနဲ့ချီတဲ့ စိတ်ကြွဆေးပြားတွေ၊ လက်လုပ် လက်စားကနေ ကလပ်တွေထဲအထိ သုံးစွဲနေတဲ့ ကဖင်းဓာတ်များတဲ့ မက်သာဖက်တမင်းဆေးပြားတွေ မှောင်ခိုကုန်သွယ်မှု မလုပ်ခင် ထိုင်းနိုင်ငံထဲမှာ သိုလှောင်သိမ်းဆည်းပြီး သုံးစွဲကြပါတယ်။

ထိုင်းမြောက်ပိုင်းကနေ တောင်ပိုင်းကို မူးယစ်ဆေးတွေ အမြန်ဆုံးပို့တဲ့လမ်းကြောင်းကိုတော့ ထိုင်းစစ်တပ်ဦးဆောင်တဲ့ မြောက်ပိုင်းက နာမည်ကြီး ရွှေတြိဂံဒေသ စစ်ဆင်ရေးမှာ ပိတ်ပင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မူးယစ်ရာဇာတွေကတော့ ငွေလမ်းခင်းပြီး သူတို့ရဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို မဲခေါက်မြစ်ကိုဖြတ်ကာ လာအိုနိုင်ငံကနေတစ်ဆင့် အရှေ့ဘက်နဲ့ အနောက်ဘက်ကို ပြောင်းလဲလိုက်ပါတယ်။

လာအိုတောင်တန်းတွေမှာ ထုံးကျောက်ရောင်ကောင်းကင်ကနေ ညအမှောင်ထဲကို ပြောင်းလဲလာ တာနဲ့အမျှ ဖျော့တော့ တဲ့အလင်းရောင်အောက်မှာ အနက်ရောင်ဝတ် ထိုင်းတပ်ဖွဲ့တွေဟာ သံသယဖြစ်ဖွယ် ဖြတ်သန်းသွားလာမှုတွေကို စောင့်ကြည့်ဖို့ ချုံပုတ်တွေထဲမှာ ခြင်ကိုက်ခံပြီး စောင့်နေကြပါတယ်။

ဒါပေမယ့် မူးယစ်ရာဇာတွေကလည်း အထာနပ်ပါတယ်။“သူတို့ကလည်း လာအိုဘက်ကနေ ဒရုန်းတွေနဲ့ မြစ်တလျှောက်ကို လျှောက်ကြည့်နေတာ။ ကင်းအဖွဲ့တွေ ရှိလား မရှိလားဆိုတာကို” လို့ နခွန်ဖနွန်ခရိုင်ကအရာရှိတစ်ဦးဖြစ်တဲ့ ဖွန်းဆက်ခမ်ပိုး က AFP ကိုပြောပါတယ်။ “နောက်ပြီး ထိုင်းဘက်အခြမ်းမှာလည်း သူတို့သတင်းပေးတွေရှိတယ်” လို့ သူက ပြောပါတယ်။

အနည်းငယ်လောက် လှေကိုမောင်းပြီးတော့ လာအိုလယ်သမားတွေဟာ သူတို့ စက်လှေကို စက်သတ်ကာ ထိုင်းကမ်း ဘက ကို မျှောဝင်လိုက်ပါတယ်။ အဲဒီမှာ ဖယောင်းပတ်နဲ့အုပ်ထားတဲ့ ယာဘဆေးပြားတွေကို ချထားလိုက်ပါတယ်။ အဲဒီက နေ တစ်ဆင့် ထိုင်းဘက်ကသယ်မယ့်သူတွေက အဆင့်ဆင့်ဆက်ပြီး သယ်သွားကြပါတယ်။

ပိုမိုကြီးမားတဲ့ ဒေါ်လာသန်းချီတဲ့ မူးယစ်ဆေးဝါး တင်ပို့မှုတွေက ပိုမိုများပြားလာပါတယ်။ရွှေတြိဂံဒေသဟာ ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးထုတ်တဲ့နေရာဖြစ်လာပြီလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ လက်တင်အမေရိကဘက်မှာလည်း ကြီးမားတဲ့ မူးယစ်ဆေးထုတ်နေရာတွေရှိပါတယ်။

မေလ ၃၁ရက်က မွက်ဒါဟန်ခရိုင်ထဲက ရေပြင်မှာ အိုက်စ် ၁၃၃ ကီလို သယ်လာတယ်ဆိုတဲ့ လျို့ဝှက်သတင်းကို မဲခေါင်မြစ်လုံခြုံရေး တပ်ဖွဲ့စုက သတင်းရခဲ့ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ မေလ ၃၁ရက်နဲ့ ဇွန်လ ၄ရက်ကြား အိုက်စ် ၃တန်လောက်ဖမ်းဆီးရမိမှုရဲ့ တစိတ်တပိုင်းလဲဖြစ်ပါတယ်။ နောက်ထပ်လဲ စိတ်ကြွဆေး ၅သန်းလောက်မိပါသေးတယ်။ ဒီလောက်ပြင်းထန်တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးတွေ လုပ်နေပေမယ့် မက်သာဖက်တမင်းကတော့ နိုင်ငံရပ်ခြားဈေးကွက် ကနေ အကျိုးအမြတ်များနေတုန်းပါပဲ။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက သြစတြေးလျ ကမ်းခြေအာဏာပိုင်တွေက မဲဘုန်းလ်မှာ ကာလတန်ဖိုး ဒေါ်လာ သန်း ၈၄၀လောက်တန်တဲ့ စံချိန်တင် အိုက်စ် ၁ ဒသမ ၆တန်ကို ဖမ်းဆီးရမိပါတယ်။ အိုက်စ်တွေကို တရုတ်တံဆိပ် လက်ဖက် ရည် ထုတ်တွေထဲထည့်ထားပြီး ထိုင်းနိုင်ငံကလာတဲ့ စပီကာတွေပို့တဲ့ သင်္ဘောမှာ ဝှက်ထားတာပါ။

ဒီလောက်တန်ဖိုးများသွားပေမယ့် မူးယစ်ဆေးကွန်ယက်ကတော့ အေးအေးဆေးဆေးပါပဲ။ “သင်္ဘော ဆယ်စီးမှာ တစ်စီး လွတ်ရင်ကို ပိုက်ဆံက ပြန်ရတယ်” လို့ အမည်မဖော်လိုတဲ့ ထိုင်းအကြီးတန်းမူးယစ်နှိမ်နင်းရေး အရာရှိတစ်ဦးက AFP ကိုပြောပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ အိုက်စ်ဈေးတွေ တော်တော်ကျသွားပါတယ်။ ဒါဟာ မူးယစ်ရာဇာတွေက အပေါစား ဓာတုပစ္စည်းတွေနဲ့ ထုတ်လုပ်ပြီး အမြောက်အများတင်ပို့မှုရဲ့ သက်သေပါပဲ။

ယာဘဆေးပြားတစ်ပြားကို ဘတ် ၃၀ လောက်ပဲဈေးရှိတော့တယ်လို့ ထိုင်းမူးယစ်အရာရှိတွေက ပြောပါတယ်။ ဒါဟာ ဘီယာတစ်ဗူးစာပမာဏပဲဖြစ်ပါတယ်။ အိုက်စ်တစ်ကီလိုကို ဘန်ကောက်မှာ ဒေါ်လာ ၁၁၀၀၀ပဲရှိပါတော့တယ်။ လာအိုမှာတော့ တစ်ကီလိုကို ဒေါ်လာ ၄၈၀၀ ပါ။ “အိုက်စ်က ဘဝတွေ၊ မိသားစုတွေ၊ အသိုင်းအဝန်းတွေကို ဖျက်ဆီးပစ် တယ်” လို့ ထိုင်းမူးယစ်နှိမ်နင်းရေးတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာ ရဲချုပ် ပွန်ချိုင်းချာရွန်ဝမ်က AFP ကိုပြောပါတယ်။ ဖိအားပေးမှုတွေကြောင့် လာအိုက နယ်စပ်လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်လာပါတယ်။

“လာအိုအနေနဲ့ နယ်စပ်လုံခြုံရေး၊ မူးယစ်ကုန်သွယ်မှုနှိမ်နင်းရေးနဲ့ အုပ်စုဖွဲ့ ရာဇဝတ်မှုနှိမ်နင်းရေးတွေမှာ ပူးပေါင်းပါဝင်မှုကို မြှင့်တင်ဖို့လိုပါတယ်” လို့ UN မူးယစ်နဲ့ မှုခင်းရုံးက ဂျရီမီ ဒေါက်ဂလပ်စ်က ပြောပါတယ်။ ၂၀၁၇တွင်းက ဘန်ကောက် လေဆိပ်မှာ လာအိုမူးယစ်ရာဇာ ကျေးဆာရာခယိုဖင်ပါကို ဖမ်းမိတာဟာ လာအိုရဲ့ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍကို မြှင့်တင်လိုက်တာပါ။

ဒါပေမယ့် လာအိုကရတဲ့ သတင်းတွေအရ သူ့အပေါင်းအပါတွေကို တရားစွဲ၊ မစွဲကတော့ မကျိန်းသေပါဘူး။ အိုက်စ်တွေ ကလည်း မဲခေါင်မြစ်ကိုဖြတ်ပြီး လာနေတုန်းပါပဲ။ ဗီယက်နမ်ကလည်း လာအိုနယ်စပ်က ငီအန်းခရိုင်မှာ ဒီနှစ်အတွင်း စံချိန်တင် အိုက်စ် ကီလို ၇၀၀ကိုဖမ်းမိပါတယ်။ ကမ္ဘောဒီးယားကလည်း လာအိုနယ်စပ်က မူးယစ်လှုပ်ရှားမှုတွေကြောင့် စိတ်ညစ်နေပါတယ်။

“မြန်မာကနေ လာအိုကိုလာတယ်။ ပြီးရင် ကမ္ဘောဒီယားကိုလာတယ်။ ဒါကရွှေတြိဂံဒေသရဲ့ အဓိက မူးယစ်ကုန်သွယ် လမ်းကြောင်းပဲ” လို့ ကမ္ဘောဒီးယား လက်ထောက်ရဲချုပ် မော့ချီတိုက ပြောပါတယ်။ မူးယစ်ဆေးတွေ ဈေးကျလာတာက ဒေသတွင်းလူမှုအဖွဲ့အစည်းမှာ လူထုကျန်းမာရေးနဲ့ မူခင်းကဏ္ဍကို ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။

လာအိုနယ်စပ်နားက ထိုင်းရွာတစ်ရွာက ဆေးဖြတ်ဖို့ကြိုးစားနေသူတစ်ယောက်ကတော့ ဆေးစွဲပြီးနောက်ပိုင်း တဖြည်း ဖြည်းနဲ့ သူ့ဘဝပျက်လာတာကို ပြောပြပါတယ်။ “ကျွန်တော့် ငွေကြေးရော၊ မိတ်ဆွေတွေရော၊ ကျန်းမာရေးပါ ဆုံးရှုံး သွားတယ်” လို့ နာ့(အမည်လွှဲ)က AFP ကို ပြောပါတယ်။ “ကျွန်တော်ဘဝရဲ့ ဆယ်နှစ်တာကို မူးယစ်ဆေးက ယူသွား တယ်။ အခုတော့ ပြန်ကောင်းဖို့ ကြိုးစားနေပါပြီ”။

Source & Photo – AFP, ရွှေတြိဂံဒေသ သတင်းလွှာ (လေးစားစွာဖြင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *