LOADING

Type to search

ထိုင်းမှ ဝင်လာသည့် ဖော်မလင်ပါ ငါး၊ပုစွန်များကို တားဆီးရန် ဌာနပေါင်းစုံ ပူးပေါင်းရန်လိုအပ်

ထိုင်းမှ ဝင်လာသည့် ဖော်မလင်ပါ ငါး၊ပုစွန်များကို တားဆီးရန် ဌာနပေါင်းစုံ ပူးပေါင်းရန်လိုအပ်

Bagan Thar September 11, 2019
Share

မြဝတီလမ်းကြောင်းမှ ဝင်လာသည့် ဖော်မလင်နှင့် ဓာတုပစ္စည်းများ ပါဝင်သည့် ငါးနှင့်ပုစွန်များ ရန်ကုန်မြို့သို့ ဝင်ရောက်မှုကို တားဆီးရန် အခြားဌာနများက ပူးပေါင်းဆောင်ရွက်မှသာ တားဆီးနိုင်မည့် အခြေအနေ ရှိကြောင်း စက်တင်ဘာ ၁၀ ရက်က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ပြုလုပ်သည့် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးလှဌေးက ပြောကြားသည်။

လက်ရှိတွင် ထိုင်း-မြဝတီ လမ်းကြောင်းမှ ဝင်လာသည့် ငါး၊ ပုစွန်များသည် မြန်မာငါးဈေးထက် ဈေးနှုန်းပိုမို သက်သာနေပြီး အဆိုပါ ငါး၊ ပုစွန်များတွင် ဖော်မလင်နှင့် ဓာတုဆေးဝါး ပါဝင်နေမှုများကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) ကစစ်ဆေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ရန်ကုန်က နောက်ဆုံးဖြစ်နေတယ်။ တားဆီးရမယ့် အတိုင်းအတာမှာ စပြီးဖြတ်တာက ကရင်ပြီးရင် မွန်ကိုဖြတ်တယ်။ မွန်ပြီးမှ ပဲခူးဖြတ်တယ်။ ရန်ကုန်ကို ရောက်လာတဲ့အခါမှာ ဝင်ပေါက်တွေက အများကြီးပဲ။ ဝင်ဖို့လမ်းကြောင်းတွေ အများကြီး ရှိတဲ့အတွက် ဌာနအနေနဲ့ တားဖို့ဆိုတဲ့ အတိုင်းအတာမှာ ကျွန်တော်တို့ချည်းပဲ မဖြစ်ဘူး။ ကျန်တဲ့ဌာနတွေဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၊ FDA တို့နဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်ရမှာပါ။ ညှိနှိုင်းပြီးတော့မှပဲ ပြောပြလို့ရတဲ့ အတိုင်းအတာ ဖြစ်ပါတယ်” ဟုမြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးလှဌေးက ပြောကြားသည်။

၂၀၁၆၊ ၂၀၁၇ ခုနှစ်တွင် ငါးလုပ်ငန်းဦးစီးဌာနက ရန်ကုန်တိုင်းအဝင်လမ်းများသို့ မြဝတီလမ်းကြောင်းမှ ဝင်လာသည့် ငါး၊ ပုစွန် ကားများကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် ငါးပုစွန်များကို လေလံတင် ရောင်းချခဲ့ကြောင်း၊ နောက်ပိုင်းတွင် အသက်အန္တရာယ် ခြိမ်းခြောက်လာသည့်အတွက် ဖမ်းဆီးမှုရပ်ခဲ့ရကြောင်း ၎င်းကပြောကြားသည်။

“ကိုယ့်အဖွဲ့တွေ လိုက်ဖမ်းဖို့သွားဖို့ အတွက်လည်း ကုန်ကျစရိတ် ကိုယ့်အိတ်ထဲက ပိုက်ဆံထုတ်ရတယ်။ ဆီဖိုးထုတ်ရတယ်။ ပြီးတော့ နောက်တစ်ခါ ဖမ်းကြည့်ပေါ့ကွာဆိုတဲ့ အသံက ထွက်လာတယ်။ အရှင်းဆုံးပြောရင် စံပြငါးဈေးမှာတောင် ဘယ်သူတင်သွင်းလဲ ဆိုတာသိတယ်။ မထိရဲဘူး။ သတိထားနေရတဲ့ အတိုင်းအတာ ဖြစ်နေတယ်။ ရန်ကုန်မှာ ဖမ်းဆီးဖို့အတွက်တော့ ပြင်ထားပါတယ်။ FDA တို့ ဘာတို့နဲ့စစ်ဖို့။ လောလောဆယ် ဖမ်းလည်းဖမ်းမယ်။ စစ်တဲ့အတိုင်းအတာပေါ့” ဟု ဒုတိယတိုင်းဦးစီးမှူး ဦးလှဌေးက ပြောကြားသည်။

စက်တင်ဘာ ၉ ရက်က မွန်ပြည်နယ် မော်လမြိုင်ဈေးတွင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) က ဝင်ရောက်စစ်ဆေးရာ မြဝတီလမ်းကြောင်းမှ ဝင်ရောက်လာသည့် ဖော်မလင်ပါသော ငါးပိဿာချိန် ၁၈၀ တွေ့ရှိရကြောင်း၊ တွေ့ရှိသည့် ဆိုင်လေးဆိုင်ကို သတိပေး၍ လက်မှတ် ထိုးခိုင်းထားကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

Eleven Media Group (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *