LOADING

Type to search

၆၆ (ဃ) နဲ့ တရားစွဲခံရရင် ဘာတွေ လုပ်ရမလဲ၊ ကိုယ်က စွဲချင်ရင်ရော ဘယ်လိုလုပ်ရမလဲ?

၆၆ (ဃ) နဲ့ တရားစွဲခံရရင် ဘာတွေ လုပ်ရမလဲ၊ ကိုယ်က စွဲချင်ရင်ရော ဘယ်လိုလုပ်ရမလဲ?

Bagan Thar September 10, 2019
Share

၆၆ဃနဲ့စခန်းမှာတိုင်ထားလို့ စခန်းကဖုံးဆက်ပီးလာရှင်းဖို့ခေါ်တယ်။ ချက်ချင်းသွားမရှင်းသေးရင် ကိုယ့်ကိုလာဖမ်းလို့ရလားဆိုရင် ဖမ်းလို့မရပါဘူး။ လာဖမ်းတယ်ဆိုရင် အဲရဲတွေကို ရဲလုပ်ထုံးလုပ်နည်းကို ကျော်လွန်ပီးလုပ်တာဖြစ်တယ်။ တိုင်တဲ့သူက လာဖမ်းမယ်ပြောနေတာလဲ ခြိမ်းခြောက်မှုပါပဲ။ ၆၆ဃနဲ့တိုင်မယ်ဆိုရင်လဲ ပါးစပ်ကပဲ ဥပဒေနဲ့အညီလို့ ပြောပြီး လုပ်ရပ်က ဥပဒေမညီဘူးဆိုရင် တဖက်ကပြန်တိုင်တဲ့အမှုတွေနဲ့တင် တရားရုံးရဲ့ Loyal Customerဖြစ်သွားမယ်။

နောက်တစ်ချက်က အာမခံကိစ္စပါ။ သွားရှင်းမယ်ဆိုရင် အာမခံပေးနိုင်မယ့်လူနှစ်ယောက်နဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေ ယူသွားပါ။ အာမခံပေးတယ်ဆိုတာ တိုင်ခံရတဲ့သူကို ရဲကလိုလို့ခေါ်စစ်ရင် လာပီးအစစ်ခံပါ့မယ်။ ဒီအမှုမပြီးဘဲ ထွက်မပြေးပါဘူး။ဆိုပီး အာမခံပေးရတာ။ အာမခံပေးတဲ့လူနှစ်ယောက်က အိမ်ထောင်စုစာရင်းက တိုင်တဲ့မြို့မှာ ရှိရမယ်။ ရန်ကုန်မှာတိုင်ခံရရင် ရန်ကုန်အိမ်ထောင်စုစာရင်းရှိသူ မန္တလေးမှာတိုင်ခံရတယ်ဆို မန္တလေးမှအိမ်ထောင်စုစာရင်းရှိသူဖြစ်ရမယ်။ ပိုင်ဆိုင်မှုပြရမယ်။ (အာမခံပေးမယ့်လူ အမည်ပေါက် အိမ်၊ မြေ၊ တိုက်ခန်း၊ ကား) သိန်း၁၀၀ အာမခံ သိန်း၅၀၀၀ အာမခံတို့ဆိုတာ အဲပိုက်ဆံပုံပေးရတာမဟုတ်ဘူးနော်။ ကိုယ်အာမခံတဲ့လူ ထွက်ပြေးမှအစိုးရကိုပေးရမှာ။ အဲလိုပေးနိုင်ကြောင်း ပိုင်ဆိုင်မှုသက်သေပြရတာ။ အဲလိုမျိုး

ဒီတော့စခန်းသွားမယ်ဆို အာမခံပေးမယ့်လူနှစ်ယောက်ရယ် သူတို့နှစ်ယောက်ရဲ့ (၁) အိမ်ထောင်စုဇယား (မိတ္တူ)၊ (၂) မှတ်ပုံတင် (မူရင်း/မိတ္တူ)၊ (၃) ပိုင်ဆိုင်မှုအထောက်အထား (မိတ္တူ)၊ (၄) ရပ်ကွက်ရုံးက နေထိုင်ကြောင်းထောက်ခံစာ (မူရင်း) အဲတာတွေနဲ့ဆို အာမခံရပါပြီ။

လူတစ်ယောက်အကြောင်း မှန်တာပြောရင် ၆၆ဃ မမြောက်ဘူး။ မဟုတ်တာတွေပြောရင် ၆၆ဃမြောက်တယ် ဆိုပြီး လူပြိန်းတချို့ အထင်မှားကြတာရှိတယ်။ ဥပဒေမှာ ဘာပါလဲဆိုတော့ (ဆက်သွယ်ရေးကွန်ယက်တစ်ခုကို အသုံးပြူ၍ ) ဆိုတာ ဖေ့ဘုတ် တစ်ခုထဲမဟုတ် Instagram/ Twitter တို့လို social media အကုန်ပါသလို ဖုန်းကနေ မက်ဆေ့ပို့တာအထိ ပါတယ်။

(ပုဂ္ဂိုလ်တစ်ဦးဦးအား) ဆိုတာ ဘယ်သူဆိုတာ အတိအကျပါရမယ်။ အင်္ဂါနံနဲ့စတဲ့ စာရေးမတစ်ယောက် တို့ လူစုံရင်အာကျယ်ချင်တဲ့ တစ်ယောက်တို့ရေးထားတာကို အဲတာကျမပါဆိုပီး သွားတိုင်လို့မရဘူး။ ဟိုမျောက်နဲ့တူတဲ့တစ်ယောက်လို့ရေးထားကို ကိုယ်မှန်းသိအောင် မျောက်နဲ့တူမတူ ဆိုပီး voting လုပ်ပြီးဆုံးဖြတ်မှာလား။ ပဲခူးကတစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်မှန်းသိသာတဲ့ နာမ်စားမျိုးစုံသုံးရေးနေတာ။ ဘာမှလုပ်လို့မရဘူး။ ဓါတ်ပုံကိုPhotoshopနဲ့ပြင်ပြီးတင်မှ တိုင်လို့ရတော့တာ။

ဒီတော့တိုင်ချင်တဲ့လူကတိုင်သလို ငြင်းချင်တဲ့သူကလဲငြင်းမှာပဲ။ နင်တကယ်ပြောချင်တာအဲလိုမဟုတ်ဘူးဆိုပီး သူများစိတ် တပ်အပ်သိနေရင်လဲ သူများတိုင်မနေနဲ့။ လက်ကလေးချိတ် ဇက်ကလေးစောင်း ဝှီးချဲပေါ်ထိုင်ပြီး အီးတီဆိုပီး ထိုင်ဟောနေ။ နာမည်တပ်ရေးထားရင်တောင် တိုင်တဲ့သူနဲ့နာမည်တူသူရအောင်ရှာပီး အဲလူကိုပြောတာ အချင်းချင်းစကြတာဆိုပီး ထုချေရင် ဘယ်လိုလုပ်မလဲ။ ကိုယ်က ဇော်ကနီ ဇော်ကနက်လို့ပဲရေးထားတာကို ဇော်ကနီ ဇော်ကနက် / တော်လတီ တော်လတက် / ဒေါ်ကြည်သားမက် ဆိုပီး ကိုယ့်ဘာသာဖြည့်တွေးပီး ဟောဒီမယ် ကျမယောက်ျားကိုပြောထားတာ။ ကျမအမေနာမည်က ဒေါ်ကြည်လေ။ ဒီတော့ကျမလင်က ဒေါ်ကြည်သားမက်ပေါ့။ ဒါဟာကျမလင်ကိုပြောတာဆိုပီး သွားတိုင်လို့မရဘူး။ ဘာလို့မရလဲဆိုတော့ တရားသူကြီးက ဒေါ်ကြည်သမီးလို ဉာဏ်ကောင်းပီး အဆင့်ဆင့်တွေ မတွေးတတ်လို့ပါ။

(ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း (သို့) ခြိမ်းခြောက်ခြင်း) ဥပမာ မုန့်ရောင်းခွင့်ပိတ်အောင် လုပ်လိုက်မယ်။ …. ဆိုတာခြိမ်းခြောက်တာပဲ ငါကဘာကြီးမို့ဘာလုပ်ပေး ဆိုတာ မလျော်သြဇာသုံးတာပဲ။ အမှုတစ်ခုဆိုရင် ကောင်မလေးကကောင်လေးကို ကာမလိမ်လည်မှုနဲ့ဖွင့်တယ်။ ပြီးတော့အဲအမှုအကြောင်းကို ကောင်မလေးက ဖေ့ဘုတ် တင်တယ်။ နင်ရုံးချိန်းမလာရင် ဘာဖြစ်မယ်ညာဖြစ်မယ် ဆိုတာပါ ဖေ့ဘုတ်မှာရေးတော့ ကောင်လေးဘက်က ကောင်မလေးကို ၆၆ဃနဲ့ပြန်ဖွင့်တယ်။

သတင်းသမားတွေ ၆၆ဃနဲ့အတိုင်ခံရတယ်။ သူတို့ရေးတဲ့သတင်းက အမှန်။ အမှန်ကိုပြောတာပဲ ၆၆ဃနဲ့ငြိတာပဲ။ တချို့အမှတ်လွဲတာတစ်ခုက စာနဲ့ရေးတင်တာကိုပဲ တိုင်လို့ရတယ်။ video clipတင်ပြီးပြောတာ liveလွှင့်ပြောတာတွေကို တိုင်လို့မရဘူး။ ဆိုတာ မဟုတ်ပါဘူး။ အဲလိုတိုင်ရင် သက်သေခံအနေနဲ့ အဲ video ကြီးဖွင့်ပြမှာလားလို့ အတွန့်တက်ရင် ဦးနှောက်သုံး လို့ပဲပြောချင်ပါတယ်။ သက်သေခံဥပဒေပုဒ်မ ၆၂ကိုဖြည့်စွက်ထားတာရှိပါတယ်။ Video fileမှာ ပြောတဲ့စကားတွေကို စာနဲ့ရေး။ အဲ file က တင်ထားတဲ့အတိုင်းဖြစ်ကြောင်း စကားသံတွေ နောက်ကထပ်ဖြည့်တာမျိုး ပြင်ဆင်ချက်မရှိကြောင်း လက်မှတ်ထိုးပီး သက်သေခံအနေနဲ့တင်လို့ရပါတယ်။

ဒီလောက်ဆို ၆၆ဃနဲ့တိုင်မယ်ဆိုရင်လဲ ဘယ်လိုအချက်နဲ့ညီမှ ပုဒ်မတပ်လို့ရမယ် အတိုင်ခံရတဲ့သူဘက်ကလဲ ဘာတွေပြင်ဆင်ရမယ်။ဆိုတာ အနည်းငယ်လောက်တော့ သိမယ်ထင်ပါတယ်။ အတိုင်ခံရရင်လဲ အခုရေးထားတဲ့ပို့်စ်တွေကို ရဲကိုအရင်ပေးဖတ်လိုက်ပါ။ တချို့ရဲတွေက အဲပုဒ်မအကြောင်း သိပ်မသိပါဘူး။ ရှေ့နေငှားရင်လဲ ဥပဒေအကြောင်း ကောင်းကောင်းသိပီး social media အကြောင်းသိတဲ့ ရှေ့နေမျိုးငှားပါ။ Laptop တောင်မဖွင့်တတ်တဲ့ ရှေ့နေငှားပီး သူအကြံပေးသလို အကောင့်တစ်ခုနဲ့ messenger မှာစကားလာနှိုက် ပြီးတော့ သက်သေခံတင်။ ဒါတွေဘယ်ကရတာလဲမေးရင် Hack လိုက်တာဆိုတဲ့ လျှောက်လဲချက်တွေထွက်လာမှာ မလိုလားပါဘူးနော်။

Aung Aye Zaw (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *