LOADING

Type to search

“ဘိတ်သားနဲ့ ဘိတ်စကားအထာ” – ဘိတ်သားနှင့် မတွေ့ဖူးသူများ သိထားစရာ ဘိတ်သားအထာ

“ဘိတ်သားနဲ့ ဘိတ်စကားအထာ” – ဘိတ်သားနှင့် မတွေ့ဖူးသူများ သိထားစရာ ဘိတ်သားအထာ

Bagan Thar May 19, 2019
Share

“ဘိတ်သားနဲ့ ဘိတ်စကားအထာ”

“ခင်ဗျားတို့ ဘိတ်သားတွေ စကားပြော တိကျချက်ကတော့ ကမ်းကုန် တယ်၊ ထိုင်ခုံကို “ဖင်ထိုင်ခုံ”တဲ့။ ကမ္ဘာမှာ ထိုင်ခုံကို (မရိုမသေ) ဖင်နဲ့ မထိုင်ဘဲ ခေါင်းနဲ့ ထိုင်တဲ့ လူမျိုးရယ်လို့ ကျုပ်တစ်သက် မကြား ဖူးပေါင်ဗျာ။ နောက်ပြီး အမြီးကို “ဖင်မွေး”၊အတွင်းခံ ဘောင်းဘီကို “ဘောင်းဘီကြပ်”၊ စက်ဘီးကို “ခြေနင်းဘီး”တဲ့။ လက်လန်တယ်ဗျာ၊ စကားကို ဒီလောက် တိတိကျကျနဲ့ မျက်စိထဲ ကွင်းခနဲ ကွက်ခနဲ ပေါ်လာအောင် ပြောတတ်တဲ့ နေရာမှာတော့ ဘိတ်သားတွေ နိုင်ငံတစ်လွှား ပြိုင်စံရှားပဲ။”
တစ်ခါက ဘိတ်မှာ ၀န်ထမ်းဘ၀နဲ့ ခုနှစ်နှစ်လောက် တာဝန်ကျဖူးတဲ့ အထက်သား(ပုဂံ) တစ်ယောက်ရဲ့ မှတ်ချက်ပါ။

သူ့မှတ်ချက်ကို အခြေခံပြီး ဒီပုဂံ ဘိတ်ဒေသိယစကားကို တော်တော် နှံ့နှံ့စပ်စပ် ရှိပါလားလို့ အထင်ကြီးရင် မှားပါလိမ့်မယ်။ အခုလို ဘိတ်စကားကို တီးမိခေါက်မိ ရှိအောင် သူ့အနေနဲ့ ခုနှစ်နှစ်လောက် အပတ်တကုပ် ဆည်းပူးလေ့လာခဲ့ ရပါတယ်။ဒါတောင် ဂဃနဏ သိခွင့် ရမသွားရှာပါဘူး။ ဘိတ်ကို ရောက်ခါစကဆို ဒေသိယ အသုံးအနှုန်းကို နားမလည်လို့ အူကြောင်ကြောင် ဖြစ်ခဲ့ရတဲ့ သူ့ဖြစ်ရပ်လေး တစ်ခုကို အခုလို ပြောပြခဲ့ ဖူးပါတယ်။

“ဘိတ်ရောက်စတုန်းက အိမ်ငှားတော့ အိမ်ရှင်က ရေချိုးခန်းနဲ့ ချေးယောင် တွဲလျက်ပါတယ် ဆိုလို့ ချေးယောင်ဆိုတာ ဘာကြီးပါလိမ့်လို့ ရေချိုးခန်းထဲ ၀င်ပြီး စူးစမ်းလေ့လာ ကြည့်တော့မှ အိမ်သာကို ဆိုလိုမှန်း သဘောပေါက်တော့တယ်”ဟူလို။

အခုလို ဘိတ်ဒေသိယ စကားကို ပုဂံတွေ ရုတ်တရက် ဘာကြောင့် နားမလည်ကြတာလဲလို့ စူးစမ်းကြည့်တော့ အောက်ပါ အချက် (၄)ချက် ကို သွားတွေ့ရပါတယ်-

(၁)သံညင်းကို သံပြင်း ပြောင်းမပြောခြင်း၊

(၂)ဟထိုးသံ(-ှ) ထည့်မပြောတတ်ခြင်း၊

(၃)ဒေသိယ အသုံးအနှုန်းတွေကို ကြားညှပ် ပြောဆိုတတ်ခြင်းနှင့်

(၄)အတိုကောက် ပြောဆိုတတ်ကြခြင်း တို့ကြောင့်ပါပဲ။

ကျွန်တော်တို့ ဘိတ်သားတွေဟာ သံညင်းကို သံပြင်းမပြောင်းဘဲ ပြောဆိုတတ် ကြပါတယ်။ သာဓကအားဖြင့် “စကားလုံး၊၀ါကျ၊ လခ၊ခေါင်းဆောင်၊နှင်းဆီ” စသည်ဖြင့်ကို “ဇဂလုန်း၊၀က်ကျာ့၊ လဂ၊ဂေါင်းဇောင်၊နှင်းဇီ” လို့ သံပြင်းမပြောင်းဘဲ သံညင်းအတိုင်း ပြောဆိုလေ့ ရှိပါတယ်။ ဒါပေမဲ့ ထူးခြားချက် တစ်ခုက ဘိတ်သားတွေ ဟာ တချို့သော အသုံးအနှုန်းတွေကို သံညင်းက သံပြင်း ပြောင်းပြီး ပြောဆိုတတ်ကြပါတယ်။ သာဓကအားဖြင့် “အထိန်းတော်၊ကြေးစား၊ ကြီးပြင်း၊ စေတီ ၊ရေခဲ” စသည်ဖြင့်ကို “အထိန်းဒေါ်၊ကျေးဇား၊ ကျီးဗျင်း၊ဇေဒီ၊ရေဂဲ”လို့ သံပြင်းပြောင်းပြီး ပီပီသသ ပြောဆိုတတ် ကြပါတယ်။ဘာကြောင့် အခုလို သံညင်းက သံပြင်းကို ပြောင်းချင်တဲ့ အသုံးအနှုန်း ကိုပြောင်းပြီး မပြောင်းချင်တဲ့ အသုံးအနှုန်းကို မပြောင်းဘဲ ပြောဆိုကြသလဲဆိုတာ ဘာသာဗေဒ ပညာရှင်တွေ ဆက်လက်လေ့လာ ရမယ့် ပုစ္ဆာ တစ်ပုဒ်ပါပဲ။

ဒါ့အပြင် ဘိတ်သားတွေဟာ စကားပြောတဲ့အခါ ဟထိုးသံ(-ှ) ထည့်သွင်း မပြောဆိုတတ် ကြပါဘူး။ သာဓကအားဖြင့် “လှေကို လေ”၊“မှန်ကို မန်”၊ညှော်ကို ညော်”၊“လှော်ကို လော်” စသည်ဖြင့် ဟထိုး သံ ဖြုတ်ပြီး ပြောဆိုတတ်ကြပါတယ်။ ဒါပေမဲ့ မြန်မာဘာသာ စကားမှာ ဟထိုးသံ ဖြုတ်ပြီး ရွတ်ဖတ်ပြောဆိုရတဲ့ အသုံးအနှုန်း တချို့ ရှိပါတယ်။ သာဓကအားဖြင့် “ကိုယ်စားလှယ်ကို ကိုယ်စားလယ်”၊ “မှူးမတ်ကို မူးမတ်” စသည်ဖြင့်ပါ။ ဒီအသုံးအနှုန်းတွေ ကို ဘိတ်သားတွေက သူရို့လိုပဲ ပီပီသသ ရွတ်ဖတ် ပြောဆို တတ်ကြလေတော့ ဘိတ်စကား အထာကို မသိတဲ့ ပုဂံတွေအဖို့ နားလည်ရ ခက်ခဲ နေတတ်ပါတယ်။

နောက်ပြီး ကျွန်တော်တို့ ဘိတ်သားတွေဟာ စကားပြောတဲ့အခါ ဒေသိယ အသုံးအနှုန်းတွေကို ကြားညှပ် ပြောဆိုတတ်ကြပါတယ်။ တချို့သော ဒေသိယ အသုံးအနှုန်းတွေဆို အထက်သား ပုဂံတွေ မပြောနဲ့၊ ဒီဘက်ခေတ်မှာ လူလာဖြစ်တဲ့ ဘိတ်က ကလေးတွေတောင် သိပ်နားမလည် ကြတော့ပါဘူး။ လူကြီးသူမတွေက သိပ်ပြောလေ့ပြော ထ မရှိတော့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။သာဓက အားဖြင့် နောက်ပြောင် ပြောဆိုတာကို “သွက်တယ်”၊ ပြစ်တင်မာန်မဲတာ ကို“ချီးတယ်”၊တံတွေးကို “နွေရယ်”၊ဗွက်အိုင်ကို “စိစပ်ပုပ်”၊ လက်နှိပ် ဓာတ်မီးကို “ဓာတ်ပြောင်း”၊ မီးပူတိုက်တာကို “ကြွေတိုက်တယ်” စသည်ဖြင့်ပါ။

ထို့အပြင် ကျွန်တော်တို့ ဘိတ်သားတွေဟာ စကားကို တိုနိုင်သမျှ တိုအောင် ဆင်ဆာဖြတ် ပြီး ပြောဆိုတတ် ကြပါတယ်။ သာဓကအားဖြင့် ငါးပိကို“ပိ”၊ ထမင်းကို“မင်း”၊လေယာဉ်ပျံကို“လေပျံ”၊ လက်ဖက်ရည်ကို “ဖက်ရယ်”၊ငှက်ပျောသီးကို “ပျောသီး”၊ပန်းကန်ကို“ဇန်” စသည်ဖြင့် ပြောဆိုကြပါတယ်။

အခုလို သံညင်းကို သံပြင်း ပြောင်းမပြောတာ၊ ဟထိုးသံ ထည့်မပြော တာ၊ ဒေသိယ အသုံး အနှုန်းတွေ ကြားညှပ်ပြောဆိုတတ်တာ၊ စကားကို အတိုကောက် ပြောဆိုတတ်တာတွေ အပြင် ပထ၀ီ အနေအထားအရ စကားဝဲတာတွေကြောင့် ဘိတ်စကားကို ပုဂံတွေ နားလည်ရ ခက်ခဲနေ ကြတာပါ။ ကျွန်တော်တို့ ဘိတ်နည်းတူ ရခိုင်နဲ့ ထားဝယ်ဒေသတွေမှာ လည်း သံညင်းကို သံပြင်း မပြောင်းဘဲ ပြောဆိုတတ်ကြကြောင်း သိရ ပါတယ်။ အလားတူပဲ တောင်ရိုး၊ ဓနု၊ အင်းသားတွေဟာလည်း ဘိတ်သားတွေလို ဟထိုးသံ ထည့်သွင်း မပြောဆို တတ်ကြပါဘူး။

ဒါပေမဲ့ တချို့သော ဒေသိယ အသုံးအနှုန်းတွေဟာ ကျွန်တော်တို့ ယူဆသလို ဘိတ်ဒေသိယ အသုံးအနှုန်း စစ်စစ်တွေ မဟုတ်ဘဲ ပေါရာဏ (ရှေးသုံးစကား) တွေဖြစ်ကြောင်း သိရပါတယ်။ တစ်ချိန်က ဘိတ်ဒေသမှာ ပြောဆိုသုံးနှုန်း ခဲ့ကြတဲ့ လက်ကတီး (ချိုင်း) ဆိုတဲ့ အသုံးအနှုန်းကို တောင်ရိုး၊ ဓနု၊ အင်းသားတွေလည်း ပြောဆို သုံးနှုန်းခဲ့ကြသလို ဖတ်တလတ်(ရုတ်တရက်)၊ ဗိုင်းတာမ(အမျိုးသမီးကို နှိမ့်ချ ဆဲဆိုသောစကား) စတဲ့ အသုံးအနှုန်းတွေဟာ ရှေးကျောက်စာ တွေမှာ ပါတဲ့ ပေါရာဏ အသုံးအနှုန်းတွေ ဖြစ်ပါတယ်။

နောက်ပြီး ရခိုင်ဒေသမှာ ဆပ်ပြာကို “သုဗုန်”လို့ သုံးနှုန်းကြသလို ဘိတ်ဒေသမှာလည်း “သာပူ”လို့ သုံးနှုန်းခဲ့ကြတာကို ထောက်လို့ တစ်ချိန်တုန်းက ဒီဒေသနှစ်ခုဟာ နီးနီးကပ်ကပ် ကူးလူး ဆက်ဆံခဲ့ဖူး သလားဆိုတာ ဘိတ်ဒေသ သမိုင်း ပြုစုမယ့် သုတေသီတွေ သတိပြုရ မယ့် သဲလွန်စလေး တစ်ခုပါ။ ဒီသဲလွန်စလေးတွေနောက် ခြေရာ ကောက်ရင်း ပညာရှင်တွေ အသိအမှတ်ပြုရတဲ့၊ အထောက်အထား ခိုင်မာတဲ့ ဘိတ်ဒေသ သမိုင်းကို ပြုစုနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ကိုးကား – မောင်ခင်မင်(ဓနုဖြူ)၏ မြန်မာစကား မြန်မာစာရုပ်ပုံလွှာ

Baganthar
Credit – စိုးငယ်

Leave a Comment

Your email address will not be published. Required fields are marked *