LOADING

Type to search

အလိုက်ကန်းဆိုး မသိကြသူများ ဖတ်သင့်တဲ့စာ

အလိုက်ကန်းဆိုး မသိကြသူများ ဖတ်သင့်တဲ့စာ

Bagan Thar July 11, 2019
Share

အလိုက်ကန်းဆိုး မသိကြသူများ ဖတ်သင့်တဲ့စာ

သူများ အိမ်/ကား/နာရီ/အိတ် အသစ်ဝယ်တယ်။ မင်းဟာက မတန်ဘူးလို့ ၀င်ပြောတယ်။ သူများ ကျန်းမာရေး မကောင်း ဘူး။ မင်း ပိန်ညောင်ပြီး အိုစာသွားလိုက်တာကွာ လို့ ပြောတယ်။ သူများ ကလေး ဘာလေး လုပ်တတ်ပြီဟေ့ ဆိုပြီး fb မှာတင်တယ်။ ဒီလောက်များ ငါ့ကလေးလည်း လုပ်တတ်တာဖြင့် ကြာပေါ့ဆိုပြီး ၀င်ပြောတယ်။ သူများ မင်္ဂလာဆောင် တယ်။ မင်းမင်္ဂလာဆောင် မခမ်းနားဘူးနော်လို့ ဝင်ပြောတယ်။

တချို့က အလိုက်ကန်းဆိုး တော်တော် မသိကြတာ။ တခါတလေကျတော့လည်း စချင် နောက်ချင်လို့ ပြောတာ၊ တခါတလေကျတော့ အလာပသလာပ ပြောတာ၊ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါတော့ ကြည့်ပေါ့။ ကိုယ့်ကြောင့် တဖက်လူ တစ်ခုခု စိတ်ထိခိုက်ရတယ်ဆို ဒါဟာ အလိုက်ကန်းဆိုးမသိတာ၊ လူမှုရေးနားမလည်တာဖြစ်သွားပြီလေ။ ဒီထက် ပိုဆိုးတာက အိမ်ထောင်ရေး၊ သားရေး သမီးရေးတွေမှာဆို ပိုဆိုးတယ်။ ဒါမျိုးက အထိမခံတဲ့ ကိစ္စတွေကိုး။

အပျိုကြီး/လူပျိုကြီး

အပျိုကြီး/လူပျိုကြီးတွေဆို တွေ့တာနဲ့ စားရတော့မလား၊ ဘယ်တော့လဲ၊ အသက်တွေ ကြီးကုန်ပြီနော်.. စသဖြင့် ပြောတတ် ကြတယ်။ တခါတရံလောက်ဆို နားလည်ပေးလို့ရပေမယ့် ကြာရင်တော့ တဖက်လူကို အားနာသင့်ပြီလေ။ အိမ်ထောင်ပြု တယ် ဆိုတာ သူ့ပြုချင်ရင် ပြုမယ်၊ မပြုချင် မပြုဘူးပေါ့။ သူ့စိတ် ကိုယ်မှမသိတာ။ သူ့မှာလည်း သူ့အတွေး၊ သူ့ခံယူချက် ရှိမှာပဲ။ သူ့ရင်ဘတ်ထဲမှာ ဒဏ်ရာတခုခု ရှိနေရင် သွား ဆွနေသလိုဖြစ်နေမှာပေါ့။ ကိုယ်နဲ့လည်း အနေသာကြီးကို တချိန်လုံး စသလို နောက်သလို အတည်လိုလိုနဲ့ အမြဲပြောနေဖို့တော့ မသင့်ပါဘူး။ တွေ့တိုင်းပြောနေရင်တော့ ကာယကံရှင် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လေ။

အိမ်ထောင်မပြုသေးဘူးလား

တချို့ အတွဲတွေ နှစ်ရှည်တွဲလာကြတယ်။ ဒါပေမယ့် အိမ်ထောင်မပြုနိုင်ကြသေးဘူး။ မပြုဘူးဆိုတာ သူတို့ချင်း စိတ်သဘောထား ညှိမရတာတို့၊ မိဘဆွေမျိုးချင်း အဆင်မပြေတာတို့၊ ငွေရေးကြေးရေးအရ မပြည့်စုံသေးတာတို့ စသဖြင့် သူတို့အကြောင်းနဲ့ သူတို့ ရှိကြမှာပေါ့။ ဒါကို အလိုက်ကန်းဆိုး မသိဘဲ နင်တို့ မယူကြသေးဘူးလား၊ နင်တို့ ယူသင့်ပြီဆိုပြီး သူများကိစ္စထဲ ၀င်မပါသင့်ဘူးလို့ မြင်တယ်။ ဟုတ်တယ်လေ၊ ရည်းစားထားမှတော့ အချိန်တန် ယူရမယ်ဆိုတာ နားလည် ပြီးသား၊ သူတို့မှာ အခက်အခဲ တခုခုရှိနေသေးလို့၊ တသက်လုံး လက်တွဲဖို့ အဆင်မပြေသေးလို့၊ တစ်ယောက်က ယူချင် ပေမယ့် နောက်တယောက်က မယူချင်သေးလို့ အမျိုးမျိုးဖြစ်နိုင်တာပဲ။

ကိုယ်နဲ့ မဆိုင်ရင် ဝင်မပါတာ ကောင်းပါတယ်။ အခန့်မသင့်ရင် ကိုယ့်အလိုက်ကန်းဆိုးမသိမှုဟာ တဖက် စုံတွဲကို ရန်ဖြစ်စေဖို့ အကြောင်းဖန်သလို ဖြစ်နေမှာပါ။

ကလေးမယူကြသေးဘူးလား

တချို့ အိမ်ထောင်ရှင်တွေ လက်ထပ်ပြီး ကလေး ချက်ခြင်း မယူကြဘူး။ မယူကြတာလည်း ဖြစ်နိုင်သလို မရသေးတာ လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ပိုင် အိမ်အရင်ဝယ်ဖို့ ငွေစုနေတုန်းမို့၊ လုပ်ငန်းတွေ အခြေအနေ သိပ်မဟန်သေးလို့၊ ကလေးကို ကြည့်ရှုစောင့်ရှောက်ပေးမယ့်သူ မရှိလို့၊ ကျန်းမာရေးအရ ကလေးမယူဖြစ်သေးလို့ အမျိုးမျိုး သူတို့ ကိစ္စနဲ့ သူတို့ပေါ့။

ဒါကို အတင်းကလေးယူကြတော့လေ လို့ ပြောရအောင် ကိုယ်က သူတို့ ကလေးကို ကျွေးမွေးပြုစုပေးမှာမို့လား။ အကယ်လို့ မရတာဆိုရင် ကိုယ့်စကားကြောင့် တဖက်လင်မယား ဘယ်လောက် ဖိအားဖြစ်စေမလဲ၊ ကိုယ်ချင်းစာစိတ်နဲ့ လူမှုရေးနားလည်တတ်တဲ့သူဆို စကားအပြောအဆို အထူး သတိပြုသင့်ပါတယ်။

သားလေး / သမီးလေး ထပ်မွေးဦးလေ

သားလေးတွေချည်း ရှိတဲ့သူဆို သမီးလေး ထပ်မွေးပါလား၊ သမီးလေးချည်း မွေးထားတာဆို သားလေး ထပ်ယူဦးလေ… ဆိုပြီး ပြောတတ်ကြတယ်။ သူတို့ဘာသာ ထပ်လိုချင်ရင် ကိုယ်မပြောလည်း ထပ်မွေးကြမှာပဲ။ ထားပါစို့ သားလေးတော့ လိုချင်ပါရဲ့… သမီးတွေချည်း မွေးလာတယ်၊ ထပ်မွေးရင်လည်း ကလေး စရိတ်က မနည်းဘူး၊ သမီးပဲ ထပ်ဖြစ်မှာလည်း စိုးရိမ်တယ်၊ ထပ်မရတော့တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒီလင်မယားကို သားလေး ထပ်ယူပါဦးလားဆိုတော့ အဲ့ဒီစကားက ဘယ်သူ့အတွက် အကျိုးရှိစေမှာလဲ။

သားလေး မရလို့ဆိုပြီး လင်မယားချင်း အပြန်အလှန်အပြစ်ဖို့ရမှာလား၊ စိတ်ဆင်းရဲနေရမလား။ စဉ်းစားသင့်တယ်နော်။ လူတွေပဲ ဦးနှောက်ရှိတာပေါ့။ သားလေး/သမီးလေး နောက်ထပ် ထပ်လိုချင်မှတော့ သူတို့ပါသူတို့ ထပ်မွေးကြမှာပေါ့။

ပိန်သွားတယ် / ညှပ်တယ်နော် / မဲလိုက်တာ / ရုပ်ဆိုးလိုက်တာ

ကိုယ့်ကလေးကို ပိန်လိုက်တာ၊ ညှပ်လိုက်တာလို့ ပြောရင် မိဘအများစုက မနှစ်မြို့ကြဘူး။ ဟုတ်တယ်လေ.. ဘယ်မိဘ ကတော့ ကိုယ့်ကလေးကို ပိန်ညောင်ပါစေ၊ ပုသေးညှပ်ကွေးပါစေဆိုပြီး ဖြစ်ချင်ပါ့မလဲ။ ကလေး ကျန်းမာရေးကြောင့် ဒါမှမဟုတ် သူ့ပါသူ တခုခု အားနည်းနေတာကြောင့် ဒါမှမဟုတ် မိဘအလုပ်များလို့ ဂရုစိုက်ပေးမယ့်သူမရှိတာကြောင့် ဖြစ်နိုင်တာပဲ။ ဒီလိုပဲ မဲလိုက်တာ၊ ရုပ်ဆိုးလိုက်တာ၊ ရုပ်ရင့်လိုက်တာလို့ သူများ ကလေးကို သွားမပြောသင့်ဘူး။ မွေးပြီးနေ ပြီ ပဲဟာ ရုပ်ဆိုးလို့ဆိုပြီး လမ်းဘေးမှာ ပစ်ထားရတော့မှာလား။ မိဘတွေ စိတ်မကောင်းဖြစ်ရုံမှ တပါး အရေမရ၊ အဖက်မရ တွေ မပြောသင့်ဘူးလေ။

မင်းသမီးနဲ့ ငါ့သားနဲ့ ပေးစားမယ်

ကလေးကဖြင့် နို့နံ့မစင်သေးဘူး။ မင်းသမီးနဲ့ ငါ့သားနဲ့ ပေးစားမယ်ဆိုတာက ရှိသေးတယ်။ အထူးသဖြင့် သမီးရှင်တွေက ဒီလိုပြောရင် စိတ်ဆိုးတတ်ကြတယ်။ လူပေါ်တော့ မူတည်ပါသေးတယ်။ တချို့က စိတ်မဆိုးတတ်ကြပေမယ့် တချို့က စိတ်ဆိုးတတ်ကြတယ်။
အမှန်က တဖက်စုံတွဲနဲ့ ကိုယ်နဲ့ ရင်းနှီးမှု ယုံကြည်မှု အတိုင်းအတာကို ပြချင်လို့ ပြောကြတာမျိုး ဖြစ်နိုင်ပါတယ်။ သို့ပေမဲ့လည်း တဖက်လူ စိတ်ဆိုးတတ်လား၊ မဆိုးတတ်လား ကိုယ်မှ မသိတာ။ ဒီတော့ ကိုယ်သားနဲ့ သူများ သမီး လျှောက်မပေးစားတာ ကောင်းပါတယ်။ ကိုယ်က အပျော်သဘောပြောပေမယ့် တဖက် သမီးရှင်က ကျေနပ်ချင်မှ ကျေနပ်မှာကိုး။ ကိုယ်တွေလို သားရှင်များ စကားပြောတဲ့အခါ အလိုက်ကန်းဆိုး သိကြပါ။

အိမ်ထောင်ရေးတို့ သားရေး သမီးရေးတို့ကိစ္စတွေမှာ ကိုယ့်စကား အစွန်းမထွက်တာ အကောင်းဆုံးပါ။ လုံးဝ မပြောရဘူး လို့ မဆိုလိုပါဘူး၊ ကိုယ်နဲ့ ရင်းနှီးမှုအတိုင်းအတာ၊ တဖက်လူရဲ့ ခံစားချက် အတိမ်အနက်၊ သူ နှစ်သက်မှု ရှိ မရှိပေါ် မူတည် ပါတယ်။

ရှိသေးတယ်။ လင်နဲ့ မယား အဆင်မပြေလို့ ခွဲနေကြတယ်။ ဒါလည်း အလိုက်ကန်းဆိုး မသိ။ တစ်ယောက်တည်းလား၊ ယောင်္ကျား မပါဘူလား၊ မိန်းမနဲ့ အတူ မလာကြဘူးလားဆိုတာတွေကလည်း ရှိသေးတယ်။ တကယ်ကို မသိလို့ သဘောရိုး မေးရင် တော်သေးတယ်။ ခွဲနေကြမှန်းလည်း သိသိကြီးနဲ့ စကားမရှိ စကားရှာ မေးရင်တော့ လွန်သွားပြီပေါ့။

အလိုက်ကန်းဆိုး မသိတာတွေက ရေးမယ်ဆို ရေးလို့ မကုန်ဘူး။ သွားခေါ၊ ပြောင်ကြီး၊ ဂျပု၊ ငပိန်၊ ဝက်ကြီး၊ ကပ္ပလီ စသဖြင့် တဖက်လူရဲ့ အားနည်းချက်ကို body shaming လုပ်တာတွေရော၊ လူမသိ သူမသိ မျက်နှာ ခွဲစိတ်အလှပြင်ထား တဲ့သူကို ဟာ… မင်း မျက်ခွက်ကြီး ပြင်လိုက်တာလားလို့ ပြောတတ်ကြတဲ့သူတွေရော ရေးမယ်ဆို ရေးလို့ မပြီးတော့ဘူး။

တဖက်လူဆိုတာထက် နောက်ဆုံးတော့ ကိုယ်ပေါ်ပဲ မူတည်တာပါ။ ကိုယ်တိုင်က အလိုက်ကန်းဆိုး မသိတတ်ဘူး၊ လူမှုရေး နားမလည်ဘူး၊ လူရည်မလည်ဘူး၊ ကိုယ်ချင်းစာစိတ်နဲ့ စကားမပြောတတ်ဘူးဆိုရင်တော့ ပါးစပ်ပိတ်နေတာ အကောင်းဆုံးပါ။ Facebook မှာရော အပြင်မှာပါ ဒီလို အချိုးမပြေတာတွေ၊ မပြောသင့်တာ ပြောတဲ့သူတွေ တွေ့မိပြီး စိတ်ကူးရလာလို့ ရေးဖြစ်သွားတာပါ။

ကိုထွဋ်ထိပ် (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *